မဲပေးနည်း ပြည်ခိုင်ဖြိုးပါတီ ရှင်းလင်းပြသ
2015.09.22

လာမယ့်ရွေးကောက်ပွဲမှာ ပယ်မဲမဖြစ်အောင် ဘယ်လိုမဲပေးရမယ်ဆိုတာကို မဲဆန္ဒရှင်တွေသိရှိဖို့ အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရန်ကုန်တိုင်းဒေသကြီး ရွေပြည်သာမြို့နယ်၊ ဝါးတစ်ရာကျေးရွာမှာ ဒီကနေ့ ရှင်းလင်းပြသခဲ့ပါတယ်။
ရွှေပြည်သာမြို့နယ် မဲဆန္ဒနယ်အမှတ် ၂မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ၃ ဦးက ဝါးတစ်ရာကျေးရွာမှာ ဒီကနေ့ မဲဆွယ်စည်းရေးဆင်းစဉ်မှာ မဲပေးပုံနည်းလမ်းနဲ့ ပတ်သက်ပြီး ပါတီအောင်နိုင်ရေး တာဝန်ခံ ကိုမောင်ဦးက ရှင်းလင်းပြသခဲ့တာဖြစ်ပါတယ်။
"နောက်တစ်ခု ပယ်မဲကတော့ နှစ်ကွက်ရိုက်တယ်၊ နှစ်ဦးရွေး၊ နှစ်ကွက်အလယ်မှာဆို ပယ်မဲပဲ၊ အစွန်းအထင်းပေတယ်၊ နောက် မဲရုံမှူးလက်မှတ်မပါဘူး၊ အဲ့ဒါတွေဆိုရင် ပယ်မဲပဲ၊ မဲရုံထဲဝင်သွားရင် ဆန္ဒပြုလက်မှတ်ဆိုတာ ထုတ်ပေးတယ်၊ အဲ့ဒီမှာတံဆိပ်တုန်း ထုရုံပဲ၊ တစ်ကြိမ်ပဲထုရမယ်"
ပထမဦးဆုံးအနေနဲ့ မဲစာရင်းမှာ မိမိတို့နာမည် ပါမပါကို ကြည့်ရှုစစ်ဆေးဖို့နဲ့ မပါဝင်ခဲ့ရင် ပုံစံ(၃)နဲ့ ဖြည့်စွက်စာရင်း တင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ တကယ်လို့ ကော်မရှင်ထံ သွားရောက်မဖြည့်သွင်းနိုင်ရင် ပါတီအောင်နိုင်ရေးရုံးခန်းမှာ လာရောက်စာရင်းသွင်းဖို့ကိုလည်း ကိုမောင်ဦးက ရှင်းပြခဲ့ပါတယ်၊ ဒါ့အပြင် မဲစာရင်းစာရွက်မှာ မဲရုံမှူးလက်မှတ်ပါ၊ မပါ စစ်ဆေးဖို့နဲ့ ညစ်ပေနေတဲ့ မဲလက်မှတ်တွေဟာ ပယ်မဲအဖြစ် သတ်မှတ်နိုင်တယ်ဆိုတာကိုလည်း သတိပေးပြော ဆိုခဲ့ပါတယ်။
ရွှေပြည်သာ မဲဆန္ဒနယ်အမှတ် ၂ မှာ အမျိုးသားလွှတ်တော်အတွက် ဦးရန်နိုင်ဦး၊ ပြည်သူ့လွှတ်တော်အတွက် ဦးတင်မောင်ဦးနဲ့ တိုင်းဒေသကြီးလွှတ်တော်အတွက် လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဒေါက် တာ ဒေါ်စန်းစန်းနွယ်က ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မမိုးကလျာဦး တင်ပြထားတာ နားဆင်နိုင်ပါတယ်။