USDP ထိပ် ပိုင်းခေါင်းဆောင်တွေ ပြောင်းလဲ
2016.08.23

နေပြည်တော် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှာ ကျင်းပနေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ညီလာခံကနေ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို ပြောင်းလဲရွေးချယ်လိုက်ပါတယ်။
ပါတီဥက္ကဌ ဒု-ဥက္ကဌ အတွင်းရေးမှူးတွေကို အသစ်ရွေးချယ်ခဲ့တယ်လို့ ပါတီပြောခွင့်ရသူ ဦးခင်ရီက ပြောပါတယ်။
''ဥက္ကဌ ဦးသန်းဌေးဖြစ်ပါတယ်ခင်ဗျ၊ ဒု-ဥက္ကဌ ဦးမြတ်ဟိန်းဖြစ်ပါတယ်၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း ဖြစ်ပါတယ်ဗျ၊ အဓိက အဲ့ဒါပဲ၊ ဒီဘက်ကပါတီဌာနကြီးနှစ်ခုက ပါတီစည်းကမ်း ထိန်းသိမ်းရေး ဥက္ကဌ ဦးခင်ရီဖြစ်ပါတယ်၊ ပါတီလုပ်ငန်းစိစစ်ရေးက ဦးစိုးနိုင်ဖြစ်ပါတယ်"
အရင်ပါတီဥက္ကဌ သမ္မတဟောင်း ဦးသိန်းစိန်၊ ဒု-ဥက္ကဌ ဦးဌေးဦးနဲ့ ဦးစိုးသိန်း တို့အပါအဝင် ၉ ဦးတို့ဟာ ပါတီဗဟို ဦးဆောင်ကော်မတီတွေအဖြစ် ဆက်လက်တာဝန်ယူကြမှာဖြစ်ပါတယ်။
ဒီနေ့ညီလာခံအစည်းအဝေးမှာ ဗဟိုကော်မတီဝင် ၂၇၃ ဦးနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၃၈ ဦးတို့ကို လည်း ရွေးချယ်ခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် မနက်ဖြန်မှာကျင်းပမယ့် ပါတီညီလာခံနောက်ဆုံးနေ့မှာ ပါတီရဲ့ ရှေ့လုပ်ငန်းစဉ် မူဝါဒတွေကို ဆုံးဖြတ်အတည်ပြုသွားမယ်လို့ ပြောပါတယ်။
အစိုးရကကြေညာထားတဲ့ လာမယ့်ဇန်နဝါရီလမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကိုလည်း ပြည်ခိုင်ဖြိုးပါတီက ဝင်ရောက်အရွေးချယ်ခံသွားမယ်လို့လည်း ပြောပါတယ်။