အကြိတ်အနယ် ပြိုင်စရာမလိုပဲ အနိုင်ရမယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ်ပြော
2015.10.08

မွန်ပြည်နယ် မုဒုံမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က သူ့အနေနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် ယှဉ်ပြိုင်ဘက် ကိုယ်စားလှယ်လောင်းမရှိဘူးလို့ ခံယူထားကြောင်း ပြောပါတယ်။
ဝန်ကြီးချုပ် ဦးအုန်းမြင့်က သူဟာ မုဒုံဇာတိဖြစ်တဲ့အပြင် သတ္တုတွင်းဝန်ကြီး တာဝန်ထမ်းဆောင်စဉ်ကတည်း က ဒေသအကျိုးဆောင်ရွက်ခဲ့တာတွေရှိတာကြောင့် ရွေးကောက်ပွဲအတွက် စိုးရိမ်မှုမရှိဘူးလို့ ပြောပါတယ်။
"လွတ်လပ်စွာယှဉ်ပြိုင်နိုင်ပါတယ်၊ လွတ်လပ်စွာမဲဆွယ်နိုင်ပါတယ်၊ ကျနော်နဲ့ယှဉ်ပြိုင်မယ်ဆိုရင် ကျနော်က ဒီဇာတိလည်းဖြစ်တယ်၊ အရင်ကတည်းကလည်း အစဉ်အလာရှိတယ်၊ သတ္တုတွင်းဝန်ကြီး ၁၄ နှစ်လုပ်ကတည်း ကိုက ရောက်ရှိပြီးလုပ်ပေးတာဖြစ်ပါတယ်၊ ဒါကြောင့် ပြည်သူလူထုနဲ့ အမြဲတမ်းထိတွေ့နေပါတယ်၊ ရှေ့ဆက်ပြီး ထိတွေ့ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်"
ဒါ့အပြင် ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတဲ့အခါ ဒေသခံတွေကို ပစ္စည်းတွေပေးပြီး မဲဆွယ်စည်းရုံးနေတယ်ဆိုတာ ကောလာဟလတွေသာ ဖြစ်တယ်လို့ ပြောပါတယ်။
အစိုးရက ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေတာတွေနဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးတာ ကို ခွဲခြားသိမြင်ဖို့လိုတယ်လို့လည်း မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။
မွန်ပြည်နယ်မုဒုံမြို့နယ်မဲဆန္ဒနယ်မှာ မဲပေးခွင့်ရှိသူ တစ်သိန်းခြောက်သောင်းကျော်ရှိပါတယ်။
ဝန်ကြီးချုပ် ဦးအုန်းမြင့်ကို RFA သတင်းထောက် မဝေမာထွန်း တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။