ပြည်ခိုင်ဖြိုးပါတီ အစိုးရဖွဲ့နိုင်ဖို့ လိုအပ်ကြောင်း ဦးသက်နိုင်ဝင်း ပြောကြား
2015.10.24

နိုင်ငံတော်ဖံ့ွဖြိုးတိုးတက်ရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်ဖို့အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ အစိုးရဖွဲ့နိုင်ဖို့ လိုအပ်ကြောင်း ပါတီရဲ့တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ဝင်းက ပြောပါတယ်။
ဒီနေ့ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့က မြိတ်တောင်ကျေးရွာဘောလုံးကွင်းမှာ ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ၆ ဦးနဲ့ လူထုတွေဆုံပွဲမှာ ဦးသက်နိုင်ဝင်းက ပြောလိုက်တာပါ။
"ဒီမိုကရေစီနိုင်ငံကို တည်ဆောက်တဲ့နေရာမှာ ပြည်သူလူထုရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါကြောင်း ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း ပြောကြားလိုပါတယ်၊ ဒီလိုဆောင်ရွက်နိုင်ဖို့အတွက်ကို လာမယ့် ၅ နှစ်တာ သက်တမ်းကာလမှာလည်း အရှိန်အဟုန်နဲ့ နိုင်ငံတော်ကြီးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေတဲ့အစိုးရကို ဖွဲ့နိုင်ဖို့အတွက်ဆိုလို့ရှိရင် ကျနော်တို့ ပြည်ခိုင်ဖြိုးပါတီက အများစုအနိုင်ရမှပဲ ဖွဲ့စည်းလို့ရမှာ ဖြစ်တဲ့ အတွက်ကြောင့်မို့ တစ်ထောင့်တစ်နေရာကနေ ပြည်သူလူထုရဲ့ ပေးမယ့်ဆန္ဒမဲများကို မြိတ်တိုင်းဒေသကြီးမှာရှိတဲ့ မြိတ်မြို့က ကိုယ်စားလှယ်အားလုံးကို ထောက်ခံဆန္ဒမဲပေးကြဖို့ ပြောကြားရင်းနဲ့ နိဂုံးချုပ်ပါတယ်"
ပြီးခဲ့တဲ့ ၅နှစ်အတွင်း ပြုပြင်ပြောင်းလဲမှုတွေကို ပြည်ခိုင်ဖြိုးပါတီက စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်တယ် လို့လည်း ဦးသက်နိုင်ဝင်းက ပြောခဲ့ပါတယ်။
တွေ့ဆုံပွဲကို ပါတီရဲ့တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ တနင်္သာရီတိုင်းဒေသကြီး ပါတီဥက္ကဌ လက်ရှိ တိုင်းဝန်ကြီးချုပ် ဦးမြတ်ကို၊ မြိတ်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဌေးမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းတွေဖြစ်ကြတဲ့ ဦးမိုးမြင့်၊ ဦးခင်မောင်တင့်တို့နဲ့ ပါတီဝင် ၂၀၀၀ နီးပါးတက်ရောက်ခဲ့ပါတယ်။ ပါတီရဲ့တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ဝင်းဟာ လာမယ့်ရွေးကောက်ပွဲမှာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ကနေပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
မြိတ်မြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညွတ်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီနဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ) စတဲ့ ပါတီ ၅ ခု ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
မြိတ်မြို့နယ်မှာ ရပ်ကွက် ၁၂ခု၊ ကျေးရွာအုပ်စု ၂၀ကျော်ရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ၁သိန်း၇သောင်းကျော်ရှိတယ်လို့ သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်လွင်ဦးရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။