အစိုးရပိုင်ပစ္စည်း မသုံးစွဲဖို့ ကိုယ်စားလှယ်လောင်းတွေကို ညွှန်ကြားထားကြောင်း ဦးဌေးဦး ပြောကြား
2015.10.29

လက်ရှိအစိုးရအဖွဲ့ဝင်တွေထဲက ရွေးကောက်ပွဲဝင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးရာမှာ အစိုးရဌာနဆိုင်ရာ ပစ္စည်းတွေ အဆောင်အယောင်တွေ မသုံးဖို့ ညွှန်ကြားထားတယ်လို့ ပါတီရဲ့ ပူးတွဲဥက္ကဌ ဦးဌေးဦးက ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ဟသာၤတမြို့နယ် နတ်မော်ဘုရားပွဲအလှူကို လာရောက်စဉ် သတင်းမီဒီယာသမားတွေက အစိုးရဝန်ကြီးတွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေမှာ အစိုးရဌာနဆိုင်ရာ အဆောင်အယောင်တွေ သုံးစွဲနေတာနဲ့ပတ်သက်ပြီး မေးမြန်းချက်အပေါ် ဖြေကြားခဲ့တာဖြစ်ပါတယ်။
"ကျနော်တို့ပါတီကို ယုံကြည်လို့ဝင်ထားတဲ့ ဒါမှမဟုတ်ရင်လည်း အရင်ကတည်းကဝင်ထားတဲ့ အစိုးရထဲပါတဲ့ ပုဂ္ဂိုလ်တွေ သူတို့က နှုတ်ထွက်စရာတော့ မလိုဘူး၊ အစိုးရတာဝန်က နှုတ်ထွက်လို့မရဘူး၊ အစိုးရတော့ရှိနေဦး မှာပဲ သို့သော်လည်း အဲဒီအစိုးရက ပေးထားတဲ့ အဆောင်အယောင်တွေကို ဒီလိုမသုံးရဘူးဆိုတဲ့ဥစ္စာကို အစိုးရရဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် အစိုးရကလည်း ညွှန်ကြားနိုင်တယ်၊ သမ္မတကလည်း ညွှန်ကြားနိုင်တယ်၊ သူတို့ မဲဆွယ်စည်းရုံးတဲ့လုပ်ငန်းတွေ လုပ်မယ်ဆိုလို့ရှိရင်တော့ အစိုးရ အဆောင်အယောင်တွေ ဘာမှမသုံးပါနဲ့ အရှိန်အဝါတွေလည်း မသုံးပါနဲ့ဆိုပြီး ကျနော်တို့ ကြေညာထားတယ်"
ဒါ့အပြင် ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီဟာ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ပါတီလုပ်ဆောင်ချက်အဖြစ် ပြောဆို မဲဆွယ်နေတာမျိုးမဟုတ်ဘဲ အစိုးရလုပ်ဆောင်ပေးနိုင်အောင် ပါတီဘက်က တင်ပြဆောင်ရွက်ပေးပြီး ပူးပေါင်းဆောင်ရွက်ပေးတဲ့အဆင့်သာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက လာမယ့် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၁၃၄ ယောက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အဲဒီထဲမှာ ဒုတိယသမ္မတ ၂ဦး၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တပ်မတော်အဆင့်မြင့်အရာရှိတွေလည်း ပါဝင်ပါတယ်။
ဒီအတောအတွင်း နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် လယ်ယာစိုက်ပျိုးရေးနဲ့ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်ကို မဲပေးရင် လျှပ်စစ်မီတာပုံးတွေ ချထားပေးမယ်ဆိုပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ဒေသခံတွေကို မနေ့က ခေါ်ယူပြောဆိုခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။