၂၁ ပင်လုံညီလာခံမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စာတမ်းတင်မည်
2016.08.11

၂၁ ရာစု ပင်လုံညီလာခံမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ငြိမ်းချမ်းရေးအတွက် ပါတီရဲ့ ရပ်တည်ချက် အနေနဲ့ စာတမ်းတစ်စောင် တင်သွင်းသွားမယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးခင်ရီက ပြောပါတယ်။
ဒီကနေ့ နေပြည်တော် ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှာပြုလုပ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ စာတမ်းဖတ်ပွဲ ပိတ်ပွဲအခမ်းအနားအပြီးမှာ ဦးခင်ရီက သတင်းထောက်တွေ ကို ပြောတာပါ။
"အစုအဖွဲ့တစ်ခုချင်းကနေပြီးတော့ စာတမ်းတွေ တင်လိုက်မယ်၊ အဲ့ဒါတွေကို ပေါင်းစုပြီးတော့ စာတမ်း တစ်စောင်ပြုစုပါမယ်၊ အဲ့ဒါကဘာလဲဆိုတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ရပ်တည်ချက်သဘောထားပေါ့၊ အဲ့ဒါကတော့ ဒီလေးခု စုံတော့မှ သုတေသနဌာနတွေ ဝိုင်းပြီးတော့ရေးပါမယ်၊ ၂၁ ပင်လုံညီလာခံကို ကျနော်တို့ပါတီရဲ့ ရပ်တည်ချက်အနေနဲ့ တင်သွင်းကောင်း တင်သွင်းမှာပေါ့၊ နောက်တစ်ခု ကတော့ သြဂုတ်လ တတိယပတ်လောက်မှာလုပ်မယ့် ပါတီညီလာခံမှာ ဒီစာတမ်းတင်သွင်းမယ်၊ ဒါကို ကျနော်တို့ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်အဖြစ် ချမှတ်ထားပါတယ်"
အဲ့ဒီစာတမ်းဖတ်ပွဲကို ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး ခေါင်းစဉ် ၄ ခု ပါတဲ့ စာတမ်း ၄ စောင်ကို တစ်စောင်တည်းအဖြစ် ပြုစာကာ ၂၁ ရာစုပင်လုံညီလာခံမှာ တင်သွင်းမှာဖြစ်တယ်လို့ ပြောပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးတည်ဆောက်မှုဆောင်ရွက်ချက်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ဦးတည်ရေနဲ့ ဖယ်ဒရယ်ပြည်ထောင်စုဖော်ထုတ်ရေး၊ ပြည်ထောင်စု အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး စတဲ့ခေါင်းစဉ်တွေဖြစ်ပါတယ်။
ပါတီညီလာခံကို ၂၀၁၃ ခုနှစ်က ပထမကြိမ်ကျင်းပခဲ့ပြီး လာမယ့်သြဂုတ်လ ၂၀ ရက်ကနေ ၂၅ ရက် အထိ ဒုတိယအကြိမ်အဖြစ် ကျင်းပမှာဖြစ်ပါတယ်။
ဒီနေ့အခမ်းအနားကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသိန်းစိန်၊ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း တို့အပါအဝင် ပါတီထိပ်တန်းတာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ စာတမ်းဖတ်ပွဲကရရှိတဲ့ စာတမ်းတွေကို ၂၁ ရာ စုပင်လုံညီလာခံမှာ တင်ပြသွားမယ်လို့ ပါတီဥက္ကဌ ဦးသိန်းစိန်က ပြောပါတယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က တင်ပြထားပါတယ်။