ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနယ်မြေသစ်များ ကချင်ဒေသမှာ ရှိလာ

ဝေယံမိုးမြင့်
2020.11.20

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်နဲ့နှိုင်းယှဉ်ရင် တိုင်းဒေသကြီးတွေမှာ ရှုံးနိမ့်ခဲ့တယ်ဆိုပေမယ့် ပြည်နယ်တွေမှာ ပိုပြီးအနိုင်ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပြည်ထောင်စုလွှတ်တော်မှာ ၄၁ နေရာအနိုင်ရခဲ့ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ ၇၄ နေရာအထိ အနိုင်ရရှိခဲ့တဲ့ USDP ပါတီဟာ အခု ၂၀၂၀ ရွေး ကောက်ပွဲမှာ ပြည်ထောင်စုလွှတ်တော်မှာ ၃၃ နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေမှာ ၃၈ နေရာသာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ၂၀၁၅ ရွေးကောက်ပွဲမှာ ၂ နေရာရရှိခဲ့ပေမယ့် အခု ၂၀၂၀ မှာ တစ်နေရာမှ အနိုင်မရခဲ့ပါဘူး။

USDP ပါတီဟာ ပြည်နယ်တွေမှာ မဲရလဒ်သိပ်မကွာပဲ NLD ကို ရှုံးခဲ့ပေမယ့် တိုင်းဒေသကြီးတွေမှာ လက်လွှတ်ခဲ့ ရတဲ့နေရာတွေရှိနေပါတယ်။ ထူးခြားချက်က မန္တလေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ ပဲခူးတိုင်း နေရာတချို့မှာ ၂၀၁၅ ခုနှစ်က အနိုင်ရရှိခဲ့ပေမယ့် အခု ၂၀၂၀ မှာ လက်လွှတ်လိုက်ရပြီး အဲဒီနေရာတွေကို  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက နေရာဝင်ယူနိုင်ခဲ့ပါတယ်။

ဒီအပေါ် USDP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ဒါက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အားနည်းချက်တွေကြောင့်ဖြစ်ရတာလို့ တုံ့ပြန်ပြောဆိုပါတယ်။

“ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ကြေညာချက်အမျိုးမျိုး၊ မဲစာရင်းမတည်ငြိမ်မှု၊ မဲစာရင်းကြေညာမှုမှာ စစ်ဆေးဖို့ရက်မရှိသလောက်ဖြစ်အောင် ဆောင်ရွက်ခဲ့မှုမှာ အခြေခံပါတယ်။ အဲဒီနေရာတွေကို စိစစ်တဲ့အခါ ၁၈ နှစ်မပြည့်သေးတဲ့သူတွေ မဲပေးခွင့်ရရှိတာ ကြိုတင်မဲပေးပြီးသူတွေ ထပ်ပေးတာ၊ နောက်တစ်ခုက မဲပေးခွင့်မရှိသူတွေကို မဲစာရင်းမှာ ထည့်သွင်းထားတာ ဒါမျိုးတွေ အများကြီးတွေ့ရတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဒါမျိုးတွေဖြစ်အောင် တမင်အကွက်ကျကျ လုပ်ခဲ့တာလားလို့ မေးခွန်းမေးစရာ ရှိနေပါတယ်”

လက်ရှိအချိန်ထိ ရဲအရေးပိုင်အမှု ၁၁၀ ကျော်၊ ရွေးကောက်ပွဲကော်မရှင်နဲ့ပတ်သက်တဲ့ ကန့်ကွက်လွှာ ပေါင်း (၇၅၀) ကျော် တိုင်ကြားထားတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက မနေ့က ပြည် သူတွေကိုပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ရွေးကောက်ပွဲကာလ တရားမဲ့ပြုကျင့်မှုတွေနဲ့ ပတ်သက်ပြီးရဲစခန်းနဲ့ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကို တိုင်ကြားထားပြီး၊ ရမည်းသင်းမြို့နယ်မှာ လတ်တလော ၉ မှု၊ ပျော်ဘွယ်ုာ မဲဆန္ဒနယ်မှာ ၃၃ မှုအပြင် နောက်ထပ် စိစစ်ဆဲအမှုတွေ ရှိနေသေးတယ်လို့ သိရပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ရွေးကောက်ပွဲကာလ တရားမဲ့ပြုကျင့်မှုတွေနဲ့ပတ်သက်ပြီး ရဲစခန်းနဲ့ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကို တိုင်ကြားထားပြီး၊ ရမည်းသင်းမြို့နယ်မှာ လတ်တလော ၉ မှု၊ ပျော်ဘွယ် မဲဆန္ဒနယ်မှာ ၃၃ မှုအပြင် နောက်ထပ် စိစစ်ဆဲအမှုတွေ ရှိနေသေးတယ်လို့ သိရပါတယ်။

ဒီပြောဆိုချက်အပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားတာ မရှိပါဘူး။

ရွေးကောက်ပွဲရလဒ်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် နေရာတော်တော်များများကို ဆုံးရှုံးခဲ့ရတယ်ဆိုပေမယ့် ၂၀၂၀မှာ USDP အနိုင်ရခဲ့တဲ့နေရာတွေရှိနေပါတယ်။ ဒါကတော့ ကချင်ပြည်နယ်ပါ။

၂၀၁၅ တုန်းက ချီဖွေ၊ မချမ်းဘော၊ နောင်မွန်း မြို့နယ် ၃ ခုမှာသာ ပြည်သူ့လွှတ်တော်နေရာကို အနိုင်ရခဲ့ပေမယ့် အခု ၂၀၂၀ မှာ ချီဖွေ၊  နောင်မွန်းမြို့နယ်တွေအပြင် ခေါင်လန်ဖူး၊ မံစီ၊ ဆွမ်ပရာဘွမ်မြို့နယ်တွေမှာပါ ပိုပြီးအနိုင်ရရှိထားပါတယ်။

ကချင်ပြည်နယ်မှာ အခုလို USDP ထပ်တိုးအနိုင်ရတာဟာ ရက်ပေါင်း ၉၀ နေထိုင်ခွင့်နဲ့ မဲပေးခွင့်ရတဲ့ စနစ်ကြောင့်ဖြစ်တယ်လို့ ကချင်အမျိုးသားကွန်ကရက်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ Mကောန်လ က သုံးသပ်ပါတယ်။

“ကြံ့ခိုင်ရေးက နဂိုကတည်းက ဘိုင်မဲတွေရှိပြီးသား အခုအဲဒါတွေပတ်သက်တာက တပ်ရဲ့ ကြိုတင်မဲနဲ့ ရက်ပေါင်း ၉၀ နေထိုင်ခွင့်မဲက အနီး ၁၀ က ပြင်ထားတာ ပိုဆိုးသွားတာ ရွေးကောက်ပွဲနဲ့ဆိုင်တာက လူအပြောင်းအရွှေ့တွေရှိတယ်လေ၊ ဆွမ်ပရာဘွမ်မှာဆို တပ်ရင်းလေးရင်းလောက် တက်သွားတာတို့ လမ်းလုပ်သားတွေ အများအပြားရောက်လာတာတို့၊ ကြိုတင်မဲ၊ ရက်ပေါင်း ၉၀ မဲက ဘယ်လောက်ဆိုတာ မသိရဘူး ပွင့်လင်းမြင်သာမှု မတွေ့ရဘူး။ မံစီမှာ ဘယ်လောက်ရောက်လာတယ် ဗန်းမော်မှာ ဘယ်လောက်ဝင်လာတယ်ဆိုတာ စာရင်းအတိအကျ မသိရဘူး ပြဿနာက အဲဒါပဲ”


ကချင်ပြည်နယ်မှာ ကချင်ပါတီ ၃ ခု ပေါင်းထားတဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီက ပြည်သူ့လွှတ်တော်မှာ တစ်နေရာ၊ ပြည်နယ်လွှတ်တော်မှာ ၃ နေရာရရှိထားပြီး ဒီမိုကရေစီပါတီသစ် (ကချင်) က အမျိုးသားလွှတ်တော်မှာ တစ်နေရာ၊ ပြည်နယ်လွှတ်တော်နေရာ ၁ နေရာစီ အသီးသီးရရှိထားကြပါတယ်။

ပြည်နယ်မှာနေထိုင်တဲ့ ကချင်တိုင်းရင်းသားနည်းပါးပြီး တစ်စုတစ် ဝေးထဲနေထိုင်ခြင်းမရှိတာကြောင့် ပြည်နယ်ကိုယ်စားပြုတဲ့ တိုင်းရင်းသားပါတီတွေ အနိုင်ရရှိမှုနည်းပါးရခြင်းဖြစ်တယ်လို့လည်း သုံးသပ်ချက်တွေရှိနေပါတယ်။

ရှမ်းပြည်နယ်မှာလည်း ၂၀၁၅ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့နေရာတွေ အားလုံးနီးပါး ပြန်လည်အနိုင်ရရှိထားတာကိုတွေ့ရပါတယ်။ USDP ရဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်မှာ ရှမ်းပြည်နယ်အတွင်း အနိုင်ရရှိနယ်မြေက ထက်ဝက်ကျော် ပါဝင်နေပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဟာ ဒီမိုကရေစီစံနှုန်းနဲ့ နိုင်ငံရေးနိုးကြားမှု နောက်ကျသလို ပြည်သူ့စစ်တွေရဲ့ လွှမ်းမိုးမှုတွေကြောင့် USDP အနိုင်ရရှိမှုများတာလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

“USDP အနေနဲ့ အနိုင်ရတဲ့အထဲမှာ အများဆုံးက ရှမ်းပြည်နယ်ပေါ့။ အဲ့ဒါနဲပတ်သက်ပြီး ကျနော်တို့က အရင်ထဲက ကောက်ချက်ချထားတာရှိပါတယ်။ တစ်အချက်က ရှမ်းပြည်မှာ လူမျိုးပေါင်းစုံတယ် လူမျိုးစု များတာနဲ့အညီ တပ်ရဲ့အင်းအားကလည်းကြီးတယ် တစ်ချိန်ထဲမှာ ဌာနေပြည်သူ့စစ်တွေလည်းအင်မတန် များပြားတယ်။ ဌာနပြည်သူ့စစ်တွေ လွှမ်းမိုးတဲ့နေရာမှာ USDP အနိုင်ရတာ ထူးခြားတဲ့အရာတော့မဟုတ်ဘူး။ နောက်တစ်ခုက သူတို့အနိုင်ရတဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းက ဒီမိုကရေစီအရပဲကြည့်ကြည့် နိုင်ငံရေး နိုးကြားမှုက အခြားနေရာထက် တော်တော်နောက်ကျတယ် အဲ့ဒီအကြောင်းအချက် ၂ ခုကြောင့် သူတို့က အရှေ့ပိုင်းမှာပဲ ကွက်ပြီးအနိုင်ရတာလို့ ထင်ပါတယ်”

ရှမ်းပြည်နယ်မှာ ဌာနေတိုင်းရင်းသားပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တအာင်း(ပလောင်) အမျိုးသားပါတီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ၊ “ဝ” အမျိုးသားပါတီ စတဲ့ပါတီတွေလည်း လွှတ်တော်နေရာ အသီးသီးရရှိထားကြပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ SNLD က ပြည်သူ့လွှတ်တော် ၁၃ နေရာ၊ အမျိုးသားလွှတ်တော် ၂ နေရာနဲ့ ပြည်နယ်လွှတ်တော်မှာ ၂၇ နေရာ စုစုပေါင်း ၄၂ နေရာ ရရှိထားသလို USDP ပါတီကတော့ ပြည်သူ့လွှတ်တော် ၁၅ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာနဲ့ ပြည်နယ်လွှတ်တော်နေရာ ၂၄ နေရာ စုစုပေါင်း ၄၂ နေရာနဲ့ အများဆုံး အနိုင်ရရှိထားကြပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဒါဟာ နိုင်ငံတော် အတိုင်ပင်ခံရဲ့ ကိုရိုနာကပ်ဘေးအပေါ် ထိန်းချုပ်နိုင်မှု စွမ်းဆောင်ရည်တွေအပေါ် USDP က မယှဉ်နိုင်တဲ့အတွက် မဲရလဒ် ကွဲပြားသွားတာဖြစ်တယ်လို့ သုံးသပ်ဝေဖန်ပါတယ်။

“USDP အဖွဲ့အနေနဲ့ ဒီတစ်ကြိမ်မှာတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခေါင်းဆောင်အပေါ် ဒေသခံ တိုင်းရင်းသားတွေက အားရကျေနပ်မှုရှိလာတယ်လို့မြင်တယ်၊ NLD အစိုးရဲ့ ကိုဗစ် ၁၉ နဲ့ပတ်သက်ပြီး အမျိုးသားအဆင့် ကော်မတီဖွဲ့ဆောင်ရွက်နိုင်ခဲ့တဲ့အပေါ် ထောက်ခံမှုပိုရလာတယ်။ USDP ကတော့ လှုှုပ်ရှားနိုင်မှု အခွင့်အလမ်းမရှိတော့ အခုချိန်မှာ အားနည်းသွားပြီး NLD က ပိုအားကောင်းလာတယ်လို့ ယျေဘုယျ သုံးသပ်ပါတယ်”

USDP ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းမှာ မန္တလေးတိုင်း ပျော်ဘွယ်၊ မိတ္ထီလာ၊ သာစည်၊ အောင်မြေသာဇံ စတဲ့မြို့နယ်တွေ၊ ဧရာဝတီတိုင်းထဲမှာဆိုရင် ကျောင်းကုန်းမြို့နယ်နဲ့ ပဲခူးတိုင်း ဇီးကုန်းမြို့ နယ်တွေမှာ  အနိုင်ရရှိခဲ့ပါတယ်။

အခု ၂၀၂မှာတော့ အဲဒီနေရာတွေကို လက်လွှတ်ခဲ့ရပါတဲ့အပြင် တနသာၤရီနဲ့ မကွေးတိုင်းတွေမှာပါ တိုင်းလုံးကျွတ် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အဲဒီတိုင်း ၅ တိုင်းက လွှတ်တော်မှာ USDP ပါတီက ကိုယ်စားလှယ်လောင်းတွေ မပါဝင်တော့ပါဘူး။

ပြည်ထောင်စုလွှတ်တော်မှာ ဆုံးရှုံးခဲ့ရတဲ့ ၈ နေရာဟာ အမျိုးသားလွှတ်တော် လေးနေရာမှာ မန္တလေးတိုင်းက ၂ နေရာ၊ ကရင်ပြည်နယ် တစ်နေရာ၊ ရခိုင်ပြည်နယ် တစ်နေရာ၊ ချင်းပြည်နယ် တစ်နေရာစီ ဆုံးရှုံးခဲ့ရတာဖြစ်ပြီး ပြည်သူ့လွှတ်တော်မှာ မန္တလေးတိုင်း ၄ နေရာ၊ ပဲခူးတိုင်း တစ်နေရာ၊ ဧရာဝတီတိုင်း တစ်နေရာ၊ ကရင်ပြည်နယ် တစ်နေရာရှိပြီး အားလုံး ၇ မြို့နယ် ဆုံးရှုံးခဲ့တာမှာ ကချင်ပြည်နယ်မှာ ထပ်တိုး ၃ နေရာအနိုင်ရခဲ့တဲ့အတွက် စုစုပေါင်း ၄ နေရာဆုံးရှုံးခဲ့ရပါတယ်။

ရွေးကောက်ပွဲရလဒ်တွေနဲ့ ပတ်သက်ပြီး လာမယ့် နိုဝင်ဘာ ၂၃ ရက်နေ့မှာ နေပြည်တော် USDP ရုံးချုပ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပသွားမယ်လို့ ဆိုပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။