ကိုဖီအာနန် ကော်မရှင်ကို ကြံ့ခိုင်ရေးပါတီ အသိအမှတ်မပြု
2017.09.10

မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီက အသိအမှတ်မပြုကြောင်း နဲ့ ကော်မရှင်ရဲ့ အကြံပြုချက်ကိုလည်း လက်မခံကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် က ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့သံလွင်လမ်းက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီရုံးမှာ ကျင်းပခဲ့တဲ့ "အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ ရခိုင်ပြည်နယ် အရေးဆွေးနွေးပွဲ" ယာယီရပ်နားချိန်မှာ ဒေါက်တာနန္ဒာလှမြင့် က ပြောတာဖြစ်ပါတယ်။
"ကိုဖီအာနန် ကော်မရှင် စတင်ဖွဲ့စည်းကတည်းကိုက ကျနော်တို့ပါတီက အသိအမှတ် မပြုခဲ့ဘူး၊ ဒါကြောင့် သူ့ရဲ့အကြံပြုချက်၊ ဒီကော်မရှင်ရဲ့ အကြံပြုချက်ကိုလည်း ကျနော်တို့က လက်မခံဘူး၊ ကျနော်တို့ပြောေိနတာက ကျနော်တို့ နိုင်ငံသားမဟုတ်တဲ့သူတွေ ကျူးကျော်ဝင်ရောက်တာကို ကာကွယ်ဖို့ ကျနော်တို့ပြောနေတာ၊ အဲဒီမှာ ကိုဖီအာနန် ကော်မရှင်မှာက သုံးလိုက်တဲ့စကားလုံးက ရခိုင်ပြည်နယ်မှာ နေထိုင်နေတဲ့ မွတ်ဆလင် အသိုင်းအဝိုင်းနဲ့ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းတို့ ဘာသာရေးကိုအခြေခံပြီး သုံးနှုန်းလိုက်တာသည် ဒီကျူးကျော်ဝင်ရောက်လာပြီး အကြမ်းဖက်နေတဲ့ ကျူးကျော်သူတွေရဲ့ အခန်းကဏ္ဍပျောက်သွားပြီးတော့မှ ရခိုင်မှာနေတဲ့ မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာအသိုင်းအဝိုင်း ပြဿနာဖြစ်နေတဲ့ ပဋိပက္ခဖြစ်နေတဲ့အသွင်မျိုး ဖော်ဆောင်လိုက်တာ ကျနော်တို့ တိုင်းပြည်အတွက် အန္တရာယ်ရှိတယ်"
ဒီနေ့ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးက နိုင်ငံရေးပါတီတစ်ခုချင်း၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းအတွက် နိုင်ငံရေးအမြတ် ထုတ်တာမဟုတ်ဘဲ နိုင်ငံတော်နဲ့ တိုင်းရင်းသားတစ်ရပ်လုံးရဲ့အမျိုးသားအကျိုးစီးပွား၊ အမျိုးသားရေး အကျိုးအမြတ်ကိုသာ ရှေးရှုပြီး မျိုးချစ်စိတ်အပြည့်အဝနဲ့ ပူးပေါင်းဆောင်ရွက်ဆွေးနွေးကြတာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
ဒါ့အပြင် လက်ရှိရခိုင်ပြည်နယ်အခြေအနေဟာ အရပ်ဘက်အုပ်ချုပ်ရေးကို ပုံမှန်ဆောင်ရွက်နိုင်တဲ့ အခြေအနေမရှိတော့တဲ့အတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား ရတာဟာ နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားပျက်ယွင်းသွားတယ်ဆိုတာကို ပြသနေတဲ့ ငြင်းပယ်လို့မရတဲ့ သက်သေတွေဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။
ဆွေးနွေးပွဲကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားတိုးတက်ရေးပါတီ စတဲ့ ပါတီပေါင်း ၃၀ ကျော်က လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။