အမျိုးသားရေးလှုပ်ရှားသူတွေရဲ့ ပူပန်မှုကို အစိုးရ ဖြေရှင်း သင့်ကြောင်း USDP ပြော
2017.06.12

အမျိုးသားရေးလှုပ်ရှားသူတွေက တိုင်းပြည်လုံခြုံရေးနဲ့ အမျိုးသားရေးအတွက် ဘာကြောင့် စိတ်ပူပန်နေကြ တယ်ဆိုတာကို အစိုးရက သိရှိအောင်ပြုလုပ် ပြီး ဖြေရှင်းပေးသင့်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေး ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့် က ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ အောက်မြန်မာပြည် ၂၀၁၀ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေ နဲ့ ပါတီ ဥက္ကဌ ဦးသန်းဌေး တို့ ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးမှာ တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ ဦးနန္ဒာလှမြင့် က အခုလိုပြောတာဖြစ်ပါတယ်။
"ဒီနေ့ အမျိုးသာရေးအတွက် ရဟန်းရှင်လူ ပြည်သူတွေ အရမ်းစိတ်ပူနေတယ်၊ စိတ်ပူလို့ အတွက်လည်း အမျိုးသားရေး တက်ကြွလှုပ်ရှားတဲ့သူတွေဟာ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားနေကြတယ်။ ဒီရဲ့ အရင်းအမြစ်ကို အစိုးရကသိအောင် ကြိုးစားပြီးတော့မှ ဘာကြောင့် ဒီအမျိုးသားရေးသမားတွေက စိတ်ပူနေတယ်၊ သူတို့ရင်ထဲက အပူတွေကဘာလဲ၊ အဲဒါကို အစိုးရက သိပြီးဖြေရှင်းပေးလိုက်ရင် အဲဒီကိစ္စက အတိုင်းအတာတစ်ခုအထိ ရှင်းသွားလိမ့်မယ်၊ ဒါကြောင့် အစိုးရက ဒီကိစ္စကို မြန်မြန်ဆန်ဆန်အရေးယူ ဆောင်ရွက်ပေးဖို့ လိုတယ်လို့ ကျနော့်အနေနဲ့ ပြောလိုပါတယ်"
ဒါ့အပြင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအသင်း မဘသ အဖွဲ့နာမည်ပြောင်းပြီး ရပ်တည်ခဲ့ရတာဟာ လက်ရှိ အစိုးရရဲ့ မူဝါဒနဲ့ စိတ်ပါဝင်စားမူ အပေါ်မူတည်ကြောင်းလည်း ပြောပါတယ်။
ပါတီရဲ့ ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင် ဦးပိုက်ထွေး က လက်ရှိအစိုးရ လက်ထက်မှာ အစိုးရ၊ လွှတ်တော်နဲ့ တရားစီရင်ရေးမဏ္ဍိုင်တွေ အပြန်အလှန် ထိန်းကျောင်းနိုင်မူ အားနည်းလာတာကို တွေ့ရကြောင်းနဲ့ လွှတ်တော်ကို စိတ်ဝင်စားသူ နည်းသွားပြီလို့လည်း ပြောပါတယ်။
ဒီနေ့ ဆွေးနွေးပွဲမှာ ကြံံ့ခိုင်ရေးပါတီ လွှတ်တော် ကိုယ်စားလှယ်ဟောင်းတွေက သူတို့ အတွေ့အကြုံတွေနဲ့ နှိုင်းယှဉ် ပြီး ဒီနေ့ ခေတ်အခြေအနေကို ဆွေးနွေးခဲ့ကြ သလို ပါတီပိုမိုအားကောင်းလာဖို့ နဲ့ ၂၀၂၀ ရွေးကောက် ပွဲအောင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ ကြံ့ခိုင်ရေး ဗဟိုအလုပ်အမူဆောင်တွေက ပြောပါတယ်။
ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဖွဲ့စည်းပုံဘောင်အတွင်းက ပေးထားချက်တွေအတိုင်း ဆောင်ရွက်ဖို့ မူဝါဒသဘောထားရှိတယ်လို့လည်း ဗဟိုအလုပ်အမူဆောင်အဖွဲ့ဝင် ဦးလှထွေးက ပြောပါတယ်။
ပြီးခဲ့တဲ့ အစိုးရလက်ထက်က ပြည်နယ်နဲ့ တိုင်းဒေသကြီး ဖွံ့ဖြိုးရေး ရန်ပုံငွေတွေ အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမူတွေနဲ့ ပတ်သက်ပြီး ပါတီနဲ့ တိုက်ရိုက် သက်ဆိုင်တာမရှိတဲ့အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကို ဥပဒအတိုင်း စစ်ဆေးနိုင်တယ်လို့ ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူတွေ က ပြောပါတယ်။
လက်ရှိအစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းပြည်စီးပွားရေး တိုးတက်လာဖို့ တပြိုင်နက်ထဲ အာရုံစိုက်ဆောင်ရွက်သင့်သလို ပြည်သူအများစုက ဆင်းရဲနေတာကြောင့် အခွန်အခ ကောက်ခံမူတွေကို တိုးမြှင့်တာတွေ မလုပ်သင့်သေးဘူးလို့ ဦးနန္ဒာလှမြင့် က ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ အစိုးလက်ထက်က ဒီမိုကရေစီခရီးလမ်းကြေင်းနှောင့်နှေးကြန့်ကြာမှာစိုးတဲ့ အတွက် ၆၆ ဃ လို ဆက်သွယ်ရေး ဥပဒေ ပုဒ်မတွေကို အသုံးမပြုခဲ့ပေမယ့် လက်ရှိ အစိုးရကအဲဒီလို ဥပဒေတွေကို အများအပြား သုံးလာတာကိုလည်း သတိထားမိတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အထက်မြန်မာပြည် လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေနဲ့လည်း ပါတီဥက္ကဌ ဦးသန်းဌေး တေ့ွဆုံခဲ့ပါတယ်။