ရွေးကောက်ပွဲ မျှတမှု မရှိမှာ စိုးရိမ်တယ်လို့ USDP ပြော
2020.08.18
ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်ဖို့ လိုအပ်ပြီး ဘက်လိုက်လုပ်နေရင် ဘယ်လိုမှ တရားမမျှတနိုင်ဘူးလို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) က ဝေဖန်ပြောကြားလိုက်ပါတယ်။
ကော်မရှင်က နိုင်ငံရေးပါတီတွေ တင်ပြတောင်းဆိုထားတာတွေကို လျစ်လျူရှုနေတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ဒီနေ့ သြဂုတ်လ ၁၈ ရက်နေ့ နေပြည်တော် ပါတီရုံးချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“UEC က Independent ဖြစ်ရပါမယ်။ ဗိုင်းရပ်စ်ဝင်ပြီး လုပ်နေမယ်ဆိုရင်တော့ ဘယ်လိုမှ တရားမမျှတနိုင် ပါဘူး။ စောစောက ပြောသွားတာရှိပါတယ်၊ မဲရုံတစ်ရုံမှာ အချိန်အားဖြင့် တွက်ကြည့်ရင် မိနစ်ခြောက်ရာပဲ ရှိပါတယ်။ လူတစ်ယောက်ကို တစ်မိနစ်နဲ့တွက်ရင် လူခြောက်ရာပဲ မဲပေးနိုင်တဲ့ အနေအထားရှိပါတယ်။ ဒါဆိုရင် လူတစ်ထောင်၊ နှစ်ထောင်ရှိတဲ့ မဲရုံတွေမှာ ဘာဖြစ်လာနိုင်လဲဆိုရင် နိုင်ငံသား အခွင့်အရေး ဖြစ်လာတဲ့အတွက် ဒီနိုင်ငံသားမဲဆန္ဒရှင်တွေက မဲမပေးလိုက်ရတဲ့အတွက် မလိုအားအပ်တဲ့ ကိစ္စရပ်တွေ ဖြစ်ပြီးတော့ အရေးပေါ်အခြေအနေ ဖြစ်လာနိုင်တဲ့ အနေအထားရှိပါတယ်”
အဲဒီလို အခြေအနေဖြစ်လာရင် ပြည်သူလူထုရဲ့ တာဝန်မဟုတ်ဘဲ နိုင်ငံရေးပါတီတွေရဲ့ တင်ပြတောင်းဆိုမှုတွေကို လျစ်လျူရှုထားတဲ့ တာဝန်ရှိပိုဂ္ဂိုလ်တွေရဲ့ တာဝန်သာဖြစ်တယ်လို့လည်း ဦးသိန်းထွန်းဦးက ပြောပါတယ်။
နိုင်ငံရေးပါတီတွေဟာ ပြည်သူတွေနဲ့ ဖွဲ့စည်းထားတာကြောင့် ပါတီတွေရဲ့အသံဟာ ပြည်သူ့တွေရဲ့ အသံဖြစ် တယ်လို့လည်း ဆိုပါတယ်။
USDP ပါတီက ပြောသလို ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ မတွေ့ခဲ့ဘူးကြောင်း၊ အခု ၂၀၂၀ ရွေးကောက်ပွဲမှာလည်း မဲပေးပိုင်ခွင့်ရှိသူဦးရေ ထူးထူးခြားခြား တိုးလာတာမရှိသလို မဲရုံတွေ လျော့ချလိုက် တာလည်း မရှိတာကြောင့် ပြဿနာတွေ မဖြစ်လာနိုင်ဘူးလို့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးအေးကျော်က သုံးသပ်ပါတယ်။
ဥပဒေက ခွင့်ပြုထားတဲ့အချက်အရ မဲရုံပိတ်ချိန် မှန်ပေမယ့် မဲရုံပရဝဏ်အတွင်းမှာ ရောက်နေတဲ့ သူတွေက မဲပေးခွင့်ရှိတာကြောင့် မဲပေးခွင့်ပြုရမှာဖြစ်ပြီး ညနေ ၆ နာရီ ဒါမဟုတ် ၈ နာရီအထိဖြစ်စေ ပရဝုဏ်အတွင်း ရောက်နေသူတွေ မဲပေးနိုင်ကြောင်း သတ်မှတ်ထားတယ်လို့လည်း ဦးအေးကျော်က ပြောပါတယ်။
ဦးသိန်းစိန် အစိုးရလက်ထက်မှာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေအတွက် အချက် ၁၄ ချက် လေ့လာခွင့်ရှိခဲ့ပေမယ့် လက်ရှိ NLD အစိုးရလက်ထက် ကော်မရှင်က အချက် ၄ ချက်ကို ဖြုတ်လိုက်ပါတယ်။
အဲဒီအထဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေ နည်းဥပဒေ၊ အမိန့်ညွန်ကြားစာ၊ လုပ်ထုံးလုပ်နည်း တွေကို စောင့်ကြည့်လေ့လာသူတွေ ကြည့်ရှု့စစ်ဆေးခွင့် မရှိဘူးဆိုတဲ့အချက် ပါဝင်ပါတယ်။
စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို တားမြစ်ကန့်သတ်တာဟာ ရွေးကောက်ပွဲရဲ့ အနှစ်သာရကို ပျက်ပြယ်စေ တယ်လို့ USDP ပါတီ ဗဟိုပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောပါတယ်။
“စောင့်ကြည့်လေ့လာသူဆိုတာ အမှန်တကယ်က ရွေးကောက်ပွဲတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးတာ၊ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးရာ ရောက်ပါတယ်။ ပွင့်လင်းမြင်သာမှုရှိလေလေ ရွေးကောက်ပွဲရဲ့ ဂုဏ်သိက္ခာ မြင့်လေလေ၊ ရွေးကောက်ပွဲ ကော်မရှင် ဂုဏ်သိက္ခာမြင့်လေလေဆိုတာ ကောင်းကောင်း နားလည်ဖို့ လိုတယ်။ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို တားမြစ်ကန့်သတ်တာသည် ရွေးကောက်ပွဲရဲ့ အနှစ်သာရကို ပျက်ပျယ်စေသလို ရွေးကောက်ပွဲကော်မရှင်ရဲ့ ဂုဏ်သိက္ခာကို မေးမှိန်စေ တယ်ဆိုတာ သတိပြုဖို့လိုပါတယ်”
ဥပဒေ၊ နည်းဥပဒေကို လေ့လာစောင့်ကြည့်နိုင်တဲ့ဆိုတဲ့ အချက်ဟာ မဖြုတ်သင့်တဲ့ အချက်မျိုးဖြစ်တာကြောင့် မူလအတိုင်းထားရှိပေးဖို့ ရွေးကောက်ပွဲကော်မရှင်ကို အကြံပြု စာတင်ထားပြီး မကြည့်ရဘူးလို့ မရေးထားတဲ့ အတွက် ကြည့်လို့ရတယ်လို့ ကိုယ်သဘောနဲ့ကိုယ် ယူဆတယ်လို့ New Myanmar ဖောင်ဒေးရှင်းက ဒေါ်မြနန္ဒာသင်းက ပြောပါတယ်။
မဲဆန္ဒရှင်စာရင်းတွေ ကပ်တဲ့အချိန်မှာ မဲဆန္ဒရှင်စာရင်းမှာပါတဲ့ စာမျက်နှာ၊ ဆွေးမျိုးသားချင်းပါတဲ့ စာမျက်နှာကို ဓာတ်ပုံရိုက်ခွင့် ပြုထားပေမယ့် မဲစာရင်း လုံခြုံရေးအတွက် မဲစာရင်းအားလုံး ဓာတ်ပုံရိုက်ယူခွင့်ကိုတော့ ပိတ်ပင်ထားပါတယ်။
ဒေါ်ယဉ်မင်းမြင့်ဆွေကတော့ မဲစာရင်းဆိုတာ အများပြည်သူ့သိဖို့ ကြေညာထားတဲ့ကိစ္စ ဖြစ်တယ်လို့ ထောက်ပြပါတယ်။
“မဲစာရင်းကပ်တဲ့အချိန်မှာ ဓာတ်ပုံရိုက်ခွင့် မရှိတော့တဲ့ ကိစ္စ။ မဲစာရင်းမှာ အချက်အလက် လုံခြုံရေးလို့ ပြောတယ်။ ကျွန်မတို့ ဒါ Public Document ဖြစ်တယ်။ Public ဧရိယာမှာ အများသိစေရန် ကြေညာထား တဲ့ကိစ္စ ဖြစ်တဲ့အတွက် ဒါအများနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ။ ဒါကို တည်ဆဲဥပဒေအရ ဓာတ်ပုံရိုက် ရင်တော့ အရေးယူနိုင်ပါတယ်ဆိုတဲ့ ပြစ်မှုပြစ်ဒဏ် အခန်းကို ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဥပဒေမှာ ပြဌာန်း ထားတယ်ဆိုတော့ တည်ဆဲဥပဒေနဲ့ အရေးယူမယ်ဆိုတာ ပြည်သူလူထူကို သက်သက်ခြိမ်းခြောက်တာ ဖြစ်တယ်လို့ ကျွန်မ ပြောချင်တယ်”
သွားလာရေး အဆင်မပြေတဲ့နေရာတွေမှာ မဲစာရင်း ပါ၊ မပါ သွားရောက်ကြည့်ဖို့ အခက်အခဲရှိတတ်ပြီး တစ်ဦးတစ်ယောက်က ဓာတ်ပုံရိုက်ယူပြီး မဲစာရင်း ပါ၊ မပါ ပြန်ပြတာမျိုးလို ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ရိုက်ကူးတာဆိုရင် ပြစ်မှုမမြောက်ဘူးလို့လည်း ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောပါတယ်။
USDP ပါတီရဲ့ ဝေဖန်ပြောဆိုချက်နဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို RFA က အီးမေးလ်ပေးပို့ပြီး ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ညနေ ၄ နာရီအချိန်ထိ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ အပတ်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းကို RFA က တွေ့ဆုံမေးမြန်းရာ မှာတော့ မသက်ဆိုင်တဲ့သူတွေရဲ့ မဲစာရင်းတွေကို ဓာတ်ပုံရိုက်ခွင့် မပေးတာဟာ မှတ်ပုံတင်နံပါတ် အပါအဝင် မိသားစုအချက်အလက်တွေ ပါဝင်နေတာကြောင့် နိုင်ငံသားအာလုံးရဲ့ အချက်အလက်တွေ လုံခြုံမှုရှိစေဖို့ ဖြစ်ကြောင်း ပြောကြားထားပါတယ်။