မဲရလဒ်နဲ့ UEC ကို အယုံအကြည်မရှိကြောင်း နေပြည်တော်မှာ USDP ဆန္ဒပြ

သီဟထွန်း
2020.11.15

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC နဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်ကို အယုံအကြည်မရှိကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ပါတီဝင်တွေနဲ့ ဝန်းရံသူ အင်အား တစ်ထောင်ကျော်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်က ရွှေနံ့သာ ဘောလုံးကွင်းမှာ ဒီနေ့ မနက်ပိုင်းက ဆန္ဒပြခဲ့ပါတယ်။ NLD ပါတီကတော့ USDP ပါတီရဲ့ စွပ်စွဲချက်ကို ငြင်းဆိုလိုက်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC ရဲ့ စာရင်းထုတ်ပြန်ချက်တွေအရ ပြည်ထောင်စု လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၃၃ ဦး ရွေးကောက်ခံခဲ့ရတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ကို ထောက်ခံသူတွေနဲ့ ပါတီဝင်တွေက ရွေးကောက်ပွဲမဲရလဒ်ကို အယုံအကြည်မရှိကြောင်း နေပြည်တော် ရွှေနံ့သာ ဘောလုံးကွင်းမှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ USDP ထောက်ခံသူတွေက "ရွေးကောက်ပွဲ ကော်မရှင်နဲ့ မဲရလဒ်ကို အယုံအကြည်မရှိကြောင်းအပြင် ကိုဗစ်ငွေကြေး မဲဝယ်ပေး အလိုမရှိ" ဆိုတာတွေကို ကြွေးကြော်ခဲ့ကြပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ထောက်ခံသူတစ်ဦးဖြစ်တဲ့ လယ်ဝေးမြို့နယ်က ဦးဟန်မြင့်မောင်က မဲမသာမာမှုတွေနဲ့ ရွေးကောက်ပွဲ တရားမဲ့မှုတွေကို ရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းပေးတဲ့အထိ ဆန္ဒပြ တောင်းဆိုသွားမယ်လို့ ဆန္ဒပြပွဲမှာ ပြောခဲ့ပါတယ်။

“USDP ရှုံးလို့ ကျတော် ဒီနေရာမှာ တက်နေတာမဟုတ်ဘူး၊ ကျတော်တို့သည် တရားမျှတမှု အတွက် ဘာအတွက်လဲ တရားမျှတမှု အတွက် အဲဒီအပေါ်မှာ ရပ်နေတာပါ။ အဲဒီတော့ ဝန်းရံပေးတဲ့ ပြည်သူတွေကို ကျတော်တစ်ခု တောင်းဆိုချင်ပါတယ်။ ကျတော်တို့သည် ဟောဒီနေရာမှာ ရပ်နေလို့မရဘူး ကျတော်တို့ကို ဝန်းရံပေးရုံနဲ့ ကျတော်တို့ မြန်မာနိုင်ငံမှာ အမှန်တရားပေါ်ပေါက်မလာနိုင်ပါဘူး၊ ဘာကြောင့်လဲ သက်သေတွေအများကြီးပါ ဟုတ်ပြီလား၊ အဲဒီတော့ ကျတော်တို့ကို ဝန်းရံပေးရုံနဲ့ တာဝန်ကျေရဲ့လား မကျေသေးပါဘူး။ ကျတော်တို့ တကယ်လို့ ဆက်လက်ဖြစ်ပေါ်မလာဘူးဆိုရင် ဖြေရှင်းပေးခြင်းမရှိဘူးဆိုရင် ဆက်လက်ချီတက်ပါမယ်( ဘာလုပ်မှာလဲ ) ဆက်လက်ချီတက်ပါမယ်”

ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဒက္ခိဏသီရိမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် မဟေမာဝင်းက မဲရလဒ်ကို မယုံကြည်တဲ့အတွက် လာရောက်ဆန္ဒပြတာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“ကျမတို့ မခံနိုင်ဘူးဆိုတာ အနီတွေက သူတို့ နိုင်ပြီ နိုင်ပြီဆိုပြီး တကယ်တမ်းက ဘာမှ အခြေအမြစ်မရှိဘူး၊ အခြေအမြစ်ရှိအောင်လုပ်ပါ ကိုယ့်တိုင်းပြည်အတွက် ဗမာသွေးပါရမယ်၊ အခုဟာက ဗမာသွေး လုံး၀ ကို မပါပဲနဲ့ ပြည်သူလူထုက ဘာမှမဟုတ်တာနဲ့ ထောက်ခံပြီးတော့ တကယ်တမ်းကျရင် ကိုယ့်ဗမာပြည်သား စစ်စစ် ကြံ့ခိုင်ရေးတို့ ပြည်ခိုင်ဖြိုးတို့ဆိုတာ ကိုယ့်သွေးသားထဲမှာ အမြဲတမ်း ရှိရမှာ ဟုတ်တယ်မလား၊ မနိုင်သေးဘူး မနိုင်နိုင်အောင် ဆော်မှာ သူတို့က တမင်တကာ ညစ်ပတ်ပြီးတော့လုပ်တဲ့ ရွေးကောက်ပွဲကြီး သမီးတို့က မခံနိုင်ဘူး”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှု မရှိဘူးဆိုပြီး နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးရှေ့မှာ နှင်းဆီပါတီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေ၊ ဝန်းရံသူတချို့က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီအထဲက ခေါင်း‌ဆောင်နှစ်ဦးကို ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ နဲ့  ဥတ္တရသီရိမြို့နယ် တရားရုံးက ထောင်ဒဏ်တစ်လစီ ချမှတ်ခဲ့ပါတယ်။

USDP ပါတီက ကန့်ကွက်တာနဲ့ ပတ်သက်ပြီး UEC ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီနေ့ညနေ ၅ နာရီခွဲအထိ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး  မုံရွာအောင်ရှင် က လွတ်လပ်တဲ့ ဆန္ဒနဲ့ ပြည်သူတွေရဲ့ ရွေးချယ်မူကို လက်ခံသင့်တယ်လို့ ဒီနေ့ ဆန္ဒပြပွဲအပေါ် တုံ့ပြန်ပါတယ်။

“သူတို့တောင်းဆိုတာ သူတို့ရဲ့ကြွေးကြော်သံတွေလည်း ကျတော် မယုံကြည်ပါဘူး၊ တကယ်တမ်းကတော့ ပြည်သူလူထုက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို လွတ်လပ်တဲ့ ဆန္ဒနဲ့ ပြည်သူလူထုရဲ့ ရွေးချယ်မှု အပေါ်မှာ သူတို့ အသိအမှတ်ပြုသင့်တယ်လို့ပဲ ကျတော်ပြောချင်ပါတယ်။  နိုင်ငံတကာကလည်း ဒီရွေးကောက်ပွဲ ရလဒ်အပေါ်မှာလက်ခံကြတယ်။ လေးလေးစားစားနဲ့ ဒါတွေကို ဒီရလဒ်အပေါ်မှာ လေးလေးစားစားနဲ့ ပြောလာကြတာမျိုး ရှိတဲ့အခါကျတော့လေ မယုံကြည်တဲ့သူကတော့ ကိုယ့်ကိုယ်ကိုပဲ ဂျောင်ပိတ်ပြီးတော့ မိအောင် ပြန်လုပ်နေတယ်လို့ပဲ ပြောချင်ပါတယ်”

" ကိုဗစ် ငွေကြေး မဲဝယ်ပေး " ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း မုံရွာအောင်ရှင်က လက်မခံပဲ အစိုးရ တစ်ရပ်အနေနဲ့ ကပ်ရောဂါကာလမှာ ပြည်သူတွေကို ထောက်ပံ့ကူညီတာဖြစ်ပြီး ပါတီက လုပ်တာမဟုတ်တဲ့အတွက် ခွဲခြားရှုမြင်ဖို့လိုတယ်လို့လည်း ပြောပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး USDP ပါတီက ကန့်ကွက်စာထုတ်ပြန်ထားရာမှာ ပါဝင်တဲ့ အကြောင်းအရာ တစ်ခုဟာ မသန်စွမ်းတွေကို နှိမ့်ချခွဲခြားဆက်ဆံရာရောက်တာကြောင့် ကန့်ကွက်ကြောင်းနဲ့ ပြန်လည်တောင်းပန်ဖို့ ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်း ၉၀ ကျော်က မနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

တပ်မတော်နဲ့ ရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်းပြီး ရွေးကောက်ပွဲ အသစ်ပြန်လည်ကျင်းပပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုခဲ့ပေမယ့် ရွေးကောက်ပွဲကော်မရှင်က ပယ်ချထားသလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပြည်သူ့ဆန္ဒနဲ့ အညီထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲ ရလဒ်ကိုလက်ခံရမှာဖြစ်တယ်လို့ နိုဝင်ဘာ ၈ ရက်နေ့က ပြောကြားထားပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အပြီးသတ်စာရင်းထုတ်ပြန်ချက်တွေအရ လက်ရှိအာဏာရပါတီ NLD က ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၃၉၆၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၃၃ ဦးနဲ့ တိုင်းရင်းသားပါတီတွေနဲ့ ပါတီတချို့က ၄၆ ဦး အနိုင်ရရှိထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်ဦးရေ ၃၂၂ ဦး အနိုင်ရတဲ့ ပါတီက အစိုးရ ဖွဲ့စည်းခွင့်ရမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။