ရခိုင်ကိစ္စ အလျှော့မပေးဖို့ ကာကွယ်ရေး ဝန်ကြီးဟောင်းပြော
2017.09.21

အစိုးရအနေနဲ့ ရခိုင်အရေးမှာ နိုင်ငံတကာဖိအားပေးမှုတွေအတိုင်း အလျှော့မပေးသင့်ဘူးလို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်က ပြောပါတယ်။
ဒီကနေ့ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြုလုပ်တဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက် လာတဲ့ ရခိုင်ပြည်နယ်အရေး ဆွေးနွေးပွဲအပြီးမှာ နိုင်ငံတကာဖိအားတွေနဲ့ ပတ်သက်ပြီး အငြိမ်းစားကာကွယ်ရေး ဝန်ကြီး ဦးဝေလွင်က သတင်းထောက်တွေကို အခုလို ပြောတာဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိအာဏာရပါတီအနေနဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကို လွှတ်တော်တွင်းမှာ မပြင်သင့်ဘူးလို့လည်း ဦးဝေလွင်က ပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စွပ်စွဲချက်အမျိုးမျိုးနဲ့ စွဲချက် တင်မှုတွေ၊ ထောင်ချောက်ဆင်မှုတွေရှိတဲ့အတွက် အစိုးရက ဥပဒေတွေနဲ့ ခိုင်ခိုင်မာမာရပ်တည်ပေးဖို့လည်း ဦးဝေလွင်က တိုက်တွန်းပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝေလွင်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင် အပါအဝင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။