အစိုးရသစ်ဟာ ဒီမိုကရေစီအာဏာ ရှင်စနစ်ကို ဦးတည်နေကြောင်း ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ဥက္ကဌပြော
2017.01.23

အစိုးရသစ်လက်ထက် ၁၀ လတာ ကာလအတွင်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးအဖွဲ့တွေ အပြန်အလှန် ထိန်းကျောင်းမှု ယိမ်းယိုင်လာတဲ့အတွက် ဒီမိုကရေစီ အာဏာရှင်စနစ်ကို ဦးတည်လာပြီး တရားဥပဒေ စိုးမိုးရေး လည်း အားနည်းလာတာကို တွေ့ရတယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးက ပြော ပါတယ်။
ဒီနေ့ ရန်ကုန်မြို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံးခွဲမှာ ကျင်းပတဲ့ နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆိုင်ရာဆွေးနွေးပွဲမှာ ပါတီဥက္ကဌ ဦးသန်းဌေး က ပြောတာဖြစ်ပါတယ်။
"အခြေခံဥပဒေရဲ့ အနှစ်သာရဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအဖွဲ့များ အပြန်အလှန် ထိန်းကျောင်းမှု ယိမ်းယိုင်လာခြင်း၊ ဒီလိုယိမ်းယိုင်လာတဲ့အတွက် ဒီမိုကရေစီ အာဏာရှင်ပုံစံကို ဦးတည်လာပြီး တရားဥပဒေစိုးမိုးရေး အားနည်းလာခြင်းတို့အပြင် နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ လုံခြုံရေးကို များစွာအထောက် အကူပြုတဲ့ ဥပဒေအချို့ကို ဖျက်သိမ်းခဲ့ပြီး ဒီဖျက်သိမ်းမှုကတဆင့် နိုင်ငံံအနှံ့ တောရောမြို့ပါ မျက်နှာစိမ်းများ အလွယ်တကူ အလျင်အမြန် အများအပြားရောက်ရှိ ခြေကုပ်လာကြတာတွေကို စိုးရိမ်ဖွယ်ရာ တွေ့ရှိလာရပြီဖြစ် ပါတယ်"
နိုင်ငံတော် အတိုင်ပင်ခံဥပဒေအပါအဝင် အငြင်ပွားဖွယ်ရာ ဥပဒေတွေ၊ အခြေခံဥပဒေနဲ့အညီ ဖွဲ့စည်းထား တဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ သက်ဝင်လှုပ်ရှားမူမရှိဘဲ အဖွဲ့အစည်းသစ်တွေနဲ့ ဖန်တီး အစားထိုးတဲ့ လုပ်ရပ်တွေလည်း ပေါ်ပေါက်လာတယ်လို့လည်း ပြောပါတယ်။
ရခိုင်ဒေသမှာ လူ့အခွင့်အရေးကို တွင်တွင်ပြောပြီး အမျိုးသား အခွင့်အရေး ကျဆုံးခန်းကို တွေ့ရတော့မှာဖြစ်ကြောင်း နဲ့ တိုင်းပြည်မှာ တကယ်အရေးကြီးတာက အမျိုးသားအကျိုးစီးပွား၊ အမျိုးသားစရိုက်လက္ခဏာ မပျောက်ဖို့က အရေးအကြီးဆုံးဆိုတာကို သတိပြုရမှာဖြစ်ကြောင်း ပြောပါတယ်။
တရားဥပဒေစိုးမိုးမှု မရှိတဲ့အတွက် လုံခြုံရေး ကျိုးပေါက်လာပြီး ရပ်ရွာအတွင်း လူဆိုးလူကောင်း ခွဲခြားရခက်လာတဲ့ အပြင် စီပွားရေးကျဆင်းမှုနဲ့ ထပ်ဖြည့်လိုက်တဲ့အတွက် စံချိန်တင်တဲ့ ရာဇဝတ်မှုတွေ များလာတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး က ပြောပါတယ်။
ဒီဆွေးနွေးပွဲကရလာတဲ့ အကြံပြုချက်တွေကို လွှတ်တော် ကိုယ်စားလှယ်တွေကတဆင့် နိုင်ငံတော်ကို အကြံပြု တင်ပြသွားမယ်လို့ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။
ဒီနေ့ ဆွေးနွေးပွဲကို ပြီးခဲ့တဲ့ အစိုးရလက်ထက်က ထိပ်တန်းတာဝန်ယူခဲ့တဲ့ ဝန်ကြီးဟောင်းတွေ အပါအဝင် ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ ပြင်ပပညာရှင်တွေနဲ့ တခြားပါတီတွေက ကိုယ်စားလှယ်၂၅၀ ကျော် တက်ရောက်ခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ ဒေသတွင်းရိုက်ခတ်လာနိုင်တဲ့ ကမ္ဘာ့အကြမ်းဖက်လုပ်ရပ်တွေ၊ အမျိုးသားလုံခြုံရေးနဲ့ ဒီမိုကရေစီ အကူးအပြောင်း၊ နိုင်ငံတော် လုံခြုံရေးနဲ့ ဥပဒေအမြင်၊ တရားဥပဒေစိုးမိုးရေးကို လုံခြုံရေးရှုှုထောင့်က ချဉ်းကပ်ခြင်း ဆိုတဲ့ ခေါင်းစဉ် ၄ ခုနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။