ရခိုင်အရေးကော်မရှင်ကို USDP စောင့်ကြည့်မည်
2016.08.26

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှာ နိုင်ငံတကာကပုဂ္ဂိုလ်တွေ ပါဝင်နေတာဟာ နိုင်ငံတကာအရေး ကိစ္စတစ်ခုအဖြစ် ဦးတည်စေတာကြောင့် သတိထားစောင့်ကြည့်သွားမယ်လို့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုး ရေးပါတီက သြဂုတ်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်အရေးဟာ ပြည်တွင်းရေးသာဖြစ်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရီက အခုလိုပါတယ်။
"အဲဒီကော်မရှင်ရဲ့ ရလဒ်ကတော့ ဘာမှန်းမသိသေးဘူးပေါ့ဗျာ။ သူတို့ကိုတာဝန်ပေးတဲ့ အချက်တွေကို ကျွန်တော်တို့ကြည့်တော့ နိုင်ငံတော်လုံခြုံရေးနဲ့ အမျိုးသားရေးကိစ္စတွေကို ထိခိုက်လာနိုင်သလား ဆိုပြီး စောင့်ကြည့်မယ်ဆိုတဲ့သဘောကို ကျွန်တော်တို့ပြောတာပါ။ ကွန်တော်တို့လည်းစောင့်ကြည့် မယ်။ ပြည်သူတွေကလည်း သတိကြီးစွာထားပြီး စောင့်ကြည့်ဖို့လိုပါတယ်လို့ တိုက်တွန်းထားတဲ့ သဘောကို ရေးထားတာပါ"
အစိုးရကော်မရှင်ရဲ့ တာဝန်ဟာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမူကိုသာ ဦးစားပေးထားပြီး အမျိုးသားရေးနဲ့ နိုင်ငံတော်လုံခြုံရေးကို လျစ်လျူရှုသလိုဖြစ်နေတယ်လို့ မြင်တာကြောင့် စောင့်ကြည့်ဖို့လိုတယ် လို့ ပြောပါတယ်။
အဲ့ဒီအကြံပေးကော်မရှင်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် အပါအဝင် နိုင်ငံတကာက ပုဂ္ဂိုလ် သုံးဦးနဲ့ ပြည်တွင်းကပညာရှင် ၆ ဦးတို့ ပါဝင်ကြပါတယ်။
ကော်မရှင်မှာပါဝင်တဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်းမြ၊ ဒေါ်ခင်စောတင့်လို ရခိုင်တိုင်းရင်းသားပညာတတ်တွေက ရခိုင်ပြည်နယ်သမိုင်းကြောင်းကို သေသေချာချာသုံးသပ်ပြီး အစီရင်ခံစာရေး မယ်လို့ ထင်မြင်မိကြောင်း ပြောပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဥက္ကဌအဖြစ် ဆောင်ရွက်မယ့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို နိုင်ငံတော်အတိုင်ပင်ခံဝန်ကြီးဌာနက သြဂုတ်လ ၂၄ ရက်နေ့က ဖွဲ့စည်းတာဝန်ပေးခဲ့ တာဖြစ်ပါတယ်။ အဲ့ဒီကော်မရှင်က ၁ နှစ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနကို အစီရင်ခံစာတင် ရမှာဖြစ်ပါတယ်။
USDP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရီ နဲ့ RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။