ကြံံ့ခိုင်ဖံ့ွဖြိုးရေးပါတီ လူငယ်ညီလာခံ ဒီလကုန်မှာ ကျင်းပမည်


2018.05.19
usdp-youth-conference-622.JPG နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီခရိုင်ရုံးမှာ ၂ဝ၁၈ ခုနှစ် မေလ ၁ဝ ရက်နေ့က ပြုလုပ်တဲ့ လူငယ်ညီလာခံ အကြိုတွေ့ဆုံပွဲကို တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ဒုတိယအကြိမ်မြောက် လူငယ်ညီလာခံကို လာမယ့် မေလ ၂၉ ရက်နေ့ ကနေ ၃၁ ရက်နေ့အထိ နေပြည်တော်ပါတီဌာနချုပ်မှာ ၃ ရက်ကြာကျင်းပမယ်လို့ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ဒီနေ့ ပြောပါတယ်။

နေပြည်တော် ပါတီဌာနချုပ်မှာ မေလ ၁၇ ရက်နဲ့ ၁၈ ရက် နှစ်ရက်တာကျင်းပခဲ့တဲ့ ပါတီဗဟိုအလုပ် အမှုဆောင် အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တာလို့ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။

"လူငယ်ညီလာခံက ၂၉ ၊ ၃ဝ၊ ၃၁ ခင်ဗျ၊ နေပြည်တော်မှာပဲလုပ်မှာ လူငယ်ညီလာခံက ကျနော်တို့ ပါတီဖွဲ့စည်း ပြီးနောက် ဒုတိယအကြိမ်လုပ်တာပါ၊ တိုင်းနဲ့ပြည်နယ် မြို့နယ်အလိုက် လူငယ်တွေ့ဆုံပွဲလေးတွေလုပ်တယ်၊ အဲဒီကနေမှ ဗဟိုလူငယ်တွေ့ဆုံပွဲအနေနဲ့ တိုင်းနဲ့ပြည်နယ် ကိုယ်စားလှယ်တွေ ရွေးချယ်ပြီးတော့မှ လူငယ် ကိုယ်စားလှယ် ၁၅ဝဝ လောက်က ဒီမှာလာပြီးတော့ တွေ့ဆုံမယ်"

တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက်က လူငယ်ကိုယ်စားလှယ်ပေါင်း ၁၅ဝဝ လောက် တက်ရောက်ကြမှာဖြစ်ပြီး၊ ဆွေးနွေးပွဲတွေ၊ စာတမ်းဖတ်ပွဲတွေလည်း ကျင်းပသွားမယ်လို့ သိရပါတယ်။

လက်ရှိမှာ ပါတီလူငယ်အင်အား ၂ သန်းကျော်လောက်ရှိပြီး အဲဒီလူငယ်ညီလာခံကနေ ဗဟိုအဆင့်၊ တိုင်းနဲ့ပြည်နယ် အဆင့် လူငယ်ကိုယ်စားလှယ်တွေကို ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီဟာ ပထမအကြိမ် လူငယ်ညီလာခံကို ၂ဝ၁၃ ခုနှစ်က ကျင်းပခဲ့ပါတယ်။

လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ကိုတော့ ဗဟိုကော်မတီအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပေမယ့် အသေးစိတ်ဆုံးဖြတ်တာ မရှိသေးဘူးလို့ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။