မိကျောင်းကန် သပိတ်စခန်းခေါင်းဆောင် ကို နောက်ထပ် ထောင် ၄ လ ချမှတ်


2014.08.20
useinthan-305 မိကျောင်းကန်သပိတ်စခန်း ခေါင်းဆောင် ဦးစိန်သန်းကို သြဂုတ်လ ၁၂ ရက်က ဗဟန်းမြို့နယ် တရားရုံးမှာ တွေ့ရစဉ်
Photo: Nay Nwe's

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံဘေးမှာ ဖွင့်လှစ်ထားတဲ့ မိကျောင်းကန်သပိတ် စခန်းခေါင်းဆောင် ဦးစိန်သန်းကို တရားမဝင် စီတန်း လှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ဗဟန်းမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၄ လ ချမှတ်လိုက်ပါ တယ်။

ပြီးခဲ့တဲ့ ဧပြီလက မိကျောင်းကန်သပိတ်စခန်း က မြေသိမ်းခံရသူတွေဟာ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့မှာ သွားရောက်အကူအညီ တောင်းခံခဲ့တာနဲ့ ပတ်သက်ပြီး ဗဟန်းမြို့နယ် တရားရုံးက ဦးဆောင်သူ ဦးစိန်သန်းကို ပုဒ်မ ၁၈ နဲ့ တရားစွဲပြီး ထောင်ချလိုက် တာဖြစ်တယ်လို့ မိကျောင်းကန်သပိတ်စခန်းက မစောစန္ဒာက ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်မှာ တရား ဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ကလေ၊ ဒေါ်အောင်ဆန်းစုကြည်ကို မိကျောင်းကန်ပြည်သူတွေရဲ့ အခက်အခဲတွေကို သိရအောင်လို့ စာရွက်စာတမ်းတွေ၊ ဗီနိုင်းတွေလည်း ပါတာပေါ့နော်၊ အဲဒါအကူအညီသွားတောင်းတာ သူ့အိမ်ရှေ့မှာ သွားပြောပြတာပေါ့နော်၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းပေးတာပေ့ါနော်၊ အဲဒါကိုလုပ်လို့ဆိုပြီး ပုဒ်မ ၁၈ တပ်တာ"

ဦးစိန်သန်းကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့က ဗဟန်းမြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီး မိသားစုဝင်တွေက အာမခံတောင်းတဲ့အခါ တရားရုံးက ငွေကျပ် သိန်း ၆၀၀ ပေးမှသာ အာမခံပေးမယ်ဆိုပြီး ပြောခဲ့ ပါတယ်။ တရားရုံးကတောင်းတဲ့ အာမခံကြေးကို မပေးနိုင်တဲ့အတွက် ဦးစိန်သန်းကို အင်းစိန်ထောင်မှာ ဖမ်းဆီး ထားပြီး ဒီနေ့မှာ ဗဟန်းမြို့နယ် တရားရုံးက အမိန့်ချလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဦးစိန်သန်းကို ပန်းပဲတန်း၊ ကျောက်တံတားနဲ့ လသာမြို့နယ်တွေကလည်း ပုဒ်မ ၁၈ နဲ့ တရားစွဲထားပြီး မနေ့က လသာမြို့နယ် တရားရုံးက ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၄ လ ချမှတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။