လယ်မြေပြဿနာများ ရှေ့လမကုန် မီ ဖြေရှင်းဖို့ သူရဦးရွှေမန်းပြော


2014.04.28
ushweman-dawei-305.jpg တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ စက်တင်ဘာလ ၉ ရက်နေ့က သူရဦးရွှေမန်း ဒေသခံများနဲ့ တွေ့ဆုံစဉ်
photo: RFA/ Kyaw Lwin Oo

ဧရာဝတီတိုင်းအတွင်းက လယ်ယာမြေပြဿနာတွေကို လာမယ့် မေလထဲမှာ အပြီးသတ်ဖြေရှင်းပေးကြ ဖို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဧရာဝတီတိုင်းအစိုးရအဖွဲ့ကို ညွန်ကြားခဲ့တယ်လို့ လယ်သမားအရေးဆောင်ရွက်သူတွေက ဒီနေ့ ပြော ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ မြို့တော်ခန်းမမှာ သူရဦးရွှေမန်းနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံစဉ် အဲဒီလို ညွှန်ကြားခဲ့ တာဖြစ်ကြောင်း  တွေ့ဆုံပွဲကိုတက်ရောက်ခဲ့ တဲ့ လယ်သမားအရေး ကူညီဆောင်ရွက်သူ ဦးထွန်းထွန်းဦး က ပြောပါတယ်။

"'ဒီလယ်ယာမြေကိစ္စတွေကို မေလအတွင်းမှာ ဖြေရှင်းပေးဖို့ သူကနှုတ်မိန့်ပေးသွားတယ်ပေါ့နော်၊ ဧရာဝတီတိုင်းမှာ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကလည်း တရားဝင်ခန့်အပ်ထားတဲ့ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့် လယ်စီတွေပေါ့နော်၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ညွှန်ကြားတဲ့ဥပဒေတွေနဲ့အညီ မဆောင်ရွက်ဘဲနဲ့ သူတို့က အချိန်ဆွဲတာ ကြန့်ကြာအောင်လုပ်နေတာ၊ ပြဿနာတွေလုပ်နေတဲ့အတွက် ဧရာဝတီတိုင်းအတွင်းမှာ လယ်ယာမြေ ပြဿနာတွေ အနှံ့အပြားဖြစ်ပေါ်နေတယ်၊ တရားစွဲပြီး ထောင်ချ ခံရတဲ့ လယ်သမားတွေ အများကြီးရှိတယ်"


ဧရာဝတီတိုင်းအတွင်းက လယ်ယာမြေပြဿနာတွေကို ဒီနေ့ တွေ့ဆုံပွဲမှာမတင်ပြဖို့ လယ်သမားအရေး ဆောင်ရွက် သူတွေကို တိုင်းအစိုးရအဖွဲ့က သတိပေးခဲ့ပြီး အဲဒီပြဿနာတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ယူဖြေ ရှင်းပေးမယ်လို့လည်း ပြောထားကြောင်း သိရပါတယ်။

ဒီနေ့ တွေ့ဆုံပွဲမှာ တိုင်းအစိုးရတာဝန်ရှိသူတွေက ဧရာဝတီတိုင်းအတွင်း လမ်းပန်းဆက်သွယ်ရေးနဲ့ တယ်လီဖုန်း လိုင်းကိစ္စတွေကို တင်ပြကြတယ်လို့လည်း သိရပါတယ်။ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၅ရက်နေ့က မွန်ပြည်နယ် သထုံမြို့မှာ ဒေသခံတွေ၊ မွန်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့သလို ဧပြီလ ၂၆ ရက်နေ့ကလည်း ကရင်ပြည်နယ် ဘားအံမြို့မှာ ဒေသ ခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။