သူရဦးရွှေမန်းနဲ့ ကျောင်း သားခေါင်းဆောင်တွေ တွေ့ ဆုံမည်
2015.02.26

ဒီမိုကရေစီပညာရေးအတွက်သပိတ်မှောက်နေတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင်တွေကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက နေပြည်တော်မှာ ဒီနေ့နေ့ လယ် တွေ့ဆုံမယ်လို့သိရပါတယ်။
ဒီအစီအစဉ်နဲ့ပတ်သက်လို့တွေ့ဆုံပွဲတက်ရောက်မယ့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ်က RFA ကို အခုလို ပြောပါတယ်။
"ဗကသ ပင်မစစ်ကြောင်းက စစ်ကြောင်းကိုယ်စား လှယ်တွေကို ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းက တွေ့ချင်တယ်လို့ ကျနော်တို့ကို ဖိတ်ထားလို့ နေ့ခင်း ၁၂ နာရီ နေပြည်တော် မှာ တွေ့ပြီးတော့ဆွေးနွေးမယ်၊ ဒီသပိတ်စစ်ကြောင်းနဲ့ ပတ်သက်တာ၊ နောက်အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်တာ ဆွေးနွေးမယ်လို့ လောလောဆယ် အကြမ်းဖျင်းသိထားပါတယ်"
လေးပွင့်ဆိုင်ဆွေးနွေးပွဲသဘောတူညီချက်ကို လွှတ်တော်က အတည်မပြုသေးတဲ့အတွက် မတ်လ ၁ ရက် နေ့မှာ ရန်ကုန်ကို ဆက်လက်ချီတက်မယ်လို့ သပိတ်မှောက်ကျောင်းသားတွေ ပြောဆိုထားချိန်မှာ အခုလို ပြည်ထောင်စု လွှတ်တော်နာယကနဲ့ကျောင်းသားခေါင်းဆောင်တွေရဲ့တွေ့ဆုံမယ့် အစီအစဉ် ပေါ်ပေါက် လာတာပါ။
အမျိုးသားလွှတ်တော်ဥက္ကဌကတော့၊ အစိုးရ၊ ကျောင်းသား၊ လွှတ်တော် နဲ့ NNER ပညာရေးကွန်ရက်တို့ ရဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲ သဘောတူညီချက်ဖြစ်တဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ချက်မူကြမ်းကို နိုင်ငံရေးပါတီတွေ၊ အကြံပြုတင်ပြထားသူတွေ၊ အရပ်ဘက်လူမှုအဖွဲ့တွေကိုဖိတ်ပြီး ကြားနာပွဲတွေဆောင် ရွက်မယ်လို့ ကြေညာထားပါတယ်။
သပိတ်မှောက်ကျောင်းသားတွေကလည်း ဒီမိုကရေစီစနစ်နဲ့ကိုက်ညီတဲ့ ပညာရေးစနစ်သစ်တစ်ခုကို ဖေါ်ဆောင်မယ့် ဒီဥပဒေပြင်ဆင်ချက်ကို လွှတ်တော်နဲ့ သမ္မတရဲ့အတည်ပြုချက်မရမချင်း သပိတ်လှန်မှာမဟုတ်ကြောင်း ကြေညာ ထားပါတယ်။