၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုး မှုများ အကျိုးသက်ရောက်မှု ရှိမည်


2014.08.11
ushweman-press-305.jpg နေပြည်တော် ပြည်သူ့လွှတ်တော် အဆောက်အဦးမှာ သြဂုတ်လ ၁၁ ရက်နေ့က သူရဦးရွှေမန်းနဲ့ သတင်းသမားတွေ တွေ့ဆုံစဉ်
Photo: Myo Thant Khaing/RFA

ပုဒ်မ ၄၃၆ ပြင်ဆင်ပေးရေးအတွက် ပြည်သူတွေက လက်မှတ်ရေးထိုး တောင်းဆိုမှုတွေဟာ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်တဲ့အတွက် ထိုက်သင့်တဲ့ အကျိုးသက်ရောက်မှုရှိ မှာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ ပြောပါတယ်။

နေပြည်တော် ပြည်သူ့လွှတ်တော် အဆောက်အဦးမှာ သတင်းသမားတွေနဲ့  ဒီနေ့ တွေ့ဆုံစဉ် သူရဦးရွှေမန်း က သတင်းထောက်တစ်ဦးရဲ့ မေးမြန်းချက်ကို ဖြေ ကြားခဲ့တာ ဖြစ်ပါတယ်။

"၄၃၆ လက်မှတ်ကမ်ပိန်းလို့လည်း ပြောလို့ ရနိုင်ပါတယ်၊ ဒီဟာတွေက လွှတ်တော်အပေါ် ဆိုတဲ့နေရာမှာ လွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြောင်းလဲရေး ဆိုင်ရာ ကော်မတီပေါ်မှာ အကျိုးသက်ရောက်မှု မရှိပါဘူး၊ မိမိတို့လွှတ်တော် က ဖော်ဆောင်ထား တဲ့ ဆောင်ပုဒ်ရှိပါတယ်၊ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူ့မျှော် လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက် ဆိုတဲ့ ဆောင်ပုဒ် သို့မဟုတ် မူဝါဒတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် ပြည်သူများရဲ့ အသံကိုတော့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ စဉ်းစားဆောင်ရွက်နိုင်တဲ့အတွက် ထိုက် သင့်တဲ့ အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်လို့ ဖြေချင်ပါတယ်"

နာယက သူရဦးရွှေမန်းက တချို့လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတွေ ပြောနေသလို မြန်မာနိုင်ငံရဲ့ ဒီမိုကရေ စီ ပြုပြင်ပြောင်းလဲရေးဟာ နောက်ကြောင်းပြန်လှည့်သွားမှာမဟုတ်သလို နိုင်ငံနဲ့ လွှတ်တော်အနေနဲ့ ဒီမိုကရေ စီ ပြုပြင်ပြောင်းလဲရေး ရှေ့ဆက်တိုးဖို့ကိုသာ ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့လည်း သတင်းထောက်တွေ ကို ပြောခဲ့ပါတယ်။

သူရဦးရွှေမန်းက မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့လည်း တွေ့ဆုံ ခဲ့ပြီး သူ့ကို အမေရိကန်လွှတ်တော်ကို လည်ပတ်ဖို့ ဖိတ်ကြားခဲ့ကြောင်း ၊ အရင်ကတည်းက အမေရိကန် လွှတ်တော်နဲ့ ဆက်သွယ်မှုရှိတဲ့အတွက် အမေရိကန်အစိုးရဖက်က ဖိတ်ကြားတာဖြစ်ကြောင်းလည်း ပြောပြခဲ့ ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး RFA သတင်းထောက် မဝေမာထွန်းရဲ့ တင်ပြချက် ကိုနားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။