၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းမှ အခြေခံဥပဒေ ပြင်နိုင်မယ်လို့ ဦးရွှေမန်းပြော


2014.11.18
ushweman-305 ဇန်နဝါရီလ ၂၃ ရက်နေ့က ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းရဲ့ သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
photo from youtube

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခု သက်တမ်းအတွင်း ပြင်ဆင်လို့မရကြောင်း၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ကျင်းပသွား မှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြား လိုက်ပါတယ်။

နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက လွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ဆွေးနွေးနေတဲ့ အချိန်ဇယားနဲ့ ပတ်သက်ပြီး မေမြန်းရာမှာ သူရဦးရွှေမန်း က အခုလို ဖြေကြားခဲ့တာပါ။

"ဒီသက်တမ်းမှာ ကြားပေါက်ခုနက ပြင်လိုက်တဲ့ ဟာတွေ မှားမယ်ဆိုရင် ဒီနေ့ခင်းကျင်းထားတဲ့ အုပ်ချုပ်ရေးဆိုင်ရာ အခင်းအကျင်း၊ ကျန်တဲ့ အခင်းအကျင်းတွေအကုန် ပြောင်းလဲသွားမယ်ဆိုရင် ဘယ်လိုမှမဖြစ်နိုင်ဘူး၊ ဒါကြောင့်မို့လို့ ၂ဝ၁၅ ခုနှစ် မှာ ရွေးကောက်ပွဲလုပ်မယ်၊ ထွက်ပေါ်လာတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့အတူပဲ အဲဒီ့လွှတ်တော် သက်တမ်း စတဲ့နောက်ပိုင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်တဲ့ ပြင်ဆင်ချက်တွေအပေါ် မူတည်ပြီးတော့ ဆက်လုပ်သွားမှာဖစ်တယ်"

လက်ရှိ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီရဲ့ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးနေကြပါတယ်။ အဲဒီ့ဆွေးနွေးနေတာတွေကို လာမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ အပြီးသတ်မှာဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီ့နောက် ဖွဲ့စည်းပုံပြင်ဖို့ ဥပဒေမူကြမ်းတစ်ခုရေးဆွဲပြီး နောက်နှစ် မေလထဲမှာ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပမှာဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာတဲ့ လွှတ်တော်ကသာ အဲဒီပြင်ဆင်မှုတွေကို ဆက်လက်ဆုံးဖြတ်သွား မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ သူရဦးရွှေမန်းက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နဲ့ နိုင်ငံတော်သမ္မတ တို့အပေါ်မှာ မူတည်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေကို အလုပ်ကျွေးပြုလိုတဲ့အတွက် နိုင်ငံတော်သမ္မတတာဝန်ကိုယူနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် ကိုကျော်သူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

သူရဦးရွှေမန်းရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကို RFA အဖွဲ့သူ မခင်ခင်အိ မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

သူရဦးရွှေမန်းရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့  ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးကို RFA အဖွဲ့သူ မသင်းသီရိ မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲကို ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ပဲကျင်းပမယ်ဆိုရင် ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာ နိုင်ငံရေး ပါတီခေါင်းဆောင်တွေကို RFA သတင်းထောက် မဝေယံမိုးမြင့်က မေးမြန်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။