အုပ်ချုပ်ရေးအာဏာပိုင်တွေ တိတိကျကျ ပြောဆိုကြဖို့ သူရ ဦးရွှေမန်း တိုက်တွန်း


2013.09.05

ပြည်နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေရဲ့ မေးမြန်းချက်တွေကို ဖြေဆိုတဲ့အခါမှာ ယေဘူယျဆန် တဲ့ စကားမျိုးမပြောပဲ တိတိကျကျ ကတိပေးနိုင်တဲ့ စကားမျိုးကိုသာပြောဆိုဖို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ လားရှိုးမြို့မှာ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ ဒေသခံလူထု တွေ့ဆုံရာမှာ ဒေသခံတစ်ဦး က ဒေသအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေတာတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တဲ့အပေါ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ဦးစပ်အောင်မြတ် ဖြေကြားတဲ့အခါမှာ ယေဘူယျသဘောဆောင်နေတဲ့အတွက် အခုလိုသတိပေးခဲ့တာဖြစ်တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက RFA ကိုပြောပါတယ်။

ဒါ့အပြင် ဒီနေ့ဆွေးနွေးပွဲမှာ ဒေသခံတွေက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု အခြေအနေတွေ၊ ဒေသအတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကိစ္စတွေ၊ တရုပ်မြန်မာနယ်စပ်ကုန်သွယ်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းချက်တွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့အဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းကို ရောက်ရှိနေချိန်မှာ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တပ်ဖွဲ့အပါအဝင် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NSAA-ESS) မိုင်းလားတပ်ဖွဲ့က ခေါင်းဆောင်တွေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့က ကျိုင်းတုံမြို့မှာ တွေ့ဆုံခဲ့ကြပါသေးတယ်။

သူရဦးရွှေမန်းနဲ့ လားရှိုးဒေသခံတွေ ဒီနေ့တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။