၂ဝဝ၈ အခြေခံဥပဒေကြောင့် အာဏာလွှဲပြောင်းနိုင်ခဲ့တာလို့ သူရဦးရွှေမန်း ပြောကြား


2013.09.09
ushweman-dawei-305.jpg ထားဝယ်မြို့တော်ခန်းမမှာ စက်တင်ဘာလ ၉ ရက်နေ့ က ဒေသခံတွေနဲ့ တွေ့ဆုံပွဲမှာ သူရ ဦးရွှေမန်း မိန့်ခွန်းပြော ကြားနေစဉ်
photo: RFA/ Kyaw Lwin Oo

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံတော်အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အစိုးရကနေ နောင် တက်လာမယ့်အစိုးရကို အာဏာလွှဲပြောင်းပေး ဖို့ ရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဒီနေ့ ပြောလိုက် ပါတယ်။

ဒီနေ့ ထားဝယ်မြို့တော်ခန်းမမှာ ကျင်းပတဲ့ ဒေသခံ လွှတ်တော်အမတ်တွေ၊ မြို့မိမြို့ဖတွေ၊ နိုင်ငံရေး ပါတီတွေက ခေါင်းဆောင်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံပွဲမှာ သူရ ဦးရွှေမန်းက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

"ကျနော်တို့ မြန်မာနိုင်ငံမှာတော့ နဝတအစိုးရက မိမိတို့ကျင့်သုံးနေတဲ့ အာဏာအရပ်ရပ်ကို နောင် တက်လာတဲ့ အစိုးရအဖွဲ့ကိုလွှဲပေးတာ ဘယ်နိုင်ငံမှ မလုပ်နိုင်တဲ့ကိစ္စ၊ ဘယ်သူမှမလုပ်နိုင်ဘူး၊ ဘယ်ပုံစံနဲ့ လွှဲပေးတယ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှဲပေးတာ၊ ဒီအခြေခံဥပဒေသည် ထိုခေတ်ထိုအခါက ဒီလိုအာဏာလွှဲပေးနိုင်အောင် ရေးသားပြဌာန်းထားတဲ့ ဖွဲ့စည်းပုံ၊ အဲဒီလိုဖွဲ့စည်းပုံ အခြေခံဥပဒေ မရေးဆွဲနိုင်ခဲ့ရင် အခုလိုအာဏာလွှဲပေးနိုင်မှာ မဟုတ်ဘူး"

ဒါ့အပြင် အာဏာရှိတဲ့သူတွေဟာ မိမိရဲ့အာဏာကို တခြားပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဆီကို လွှဲပြောင်းပေးဖို့ဆိုတာဟာ အင်မတန်ခဲယဉ်းတဲ့ ကိစ္စဖြစ်တယ်လို့ သူရ ဦးရွှေမန်းက ပြောခဲ့ပါတယ်။

သူရ ဦးရွှေ့မန်းနဲ့အဖွဲ့ဟာ ထားဝယ်ရေနက်စီမံကိန်း အထူးစီပွားရေးဇုံကို သွားရောက်ကြည့်ရှုခဲ့သလို ထားဝယ်ဒေသမှာ လျှပ်စစ်မီးရရှိရေးနဲ့ လမ်းပန်းဆက်သွယ်ရေး စတာတွေနဲ့ ပတ်သက်ပြီး ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်သင့်တယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒီနေ့ ပြည်ထောင်စု လွှတ်တော်နာယကနဲ့ ထားဝယ်ဒေသခံတွေ တွေ့ဆုံပွဲကို ထားဝယ်မြို့အခြေစိုက် လူမှုအဖွဲ့အစည်းတွေကိုတော့ ဖိတ်ကြားခြင်းမရှိဘူးလို့လည်း သိရပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းရဲ့ ထားဝယ်မြို့ခရီးစဉ်အတွင်း ပြောကြားချက်တွေနဲ့ ပတ်သက်လို့ RFA သတင်းထောက် မဇင်မာဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။