နိုင်ငံရေးအကျဉ်းသားများအား ထိန်းချုပ်ရန် ရာဇဝတ်သားများကို အသုံးချ

အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ သံဃာတော်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်ကွပ် ထိန်းချုပ်ဖို့ ရာဇဝတ်အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက အသုံးချနေတယ်လို့ စုံစမ်း သိရှိရပါတယ်။

2011.06.06
Insein_prison_wall_305_z နာမည်ဆိုးနှင့် ကျော်ကြားသော မြန်မာနိုင်ငံ အင်းစိန်အကျဉ်းထောင်၏ အုတ်ရိုးအပြင်ဘက်တွင် အစောင့်တဦး လှည့်ပတ်စောင့်ကြည့်နေပုံ ဖြစ်ပါသည်။ (PHOTO: AFP)
PHOTO: AFP

ပြီးခဲ့တဲ့ သီတင်းပတ်တွေက ထောင်တွင်း အစာငတ်ခံ ဆန္ဒပြခဲ့တဲ့ အရှင်ရေတကို ထောင်အာဏာပိုင်တွေ ရှေ့မှာတင် ရာဇဝတ်အကျဉ်းသားတဦးက ရိုက်နှက်ခဲ့တယ်လို့ ဇွန်လ ၅ ရက် မနေ့က ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

“လူသတ်မှုနဲ့ ကျလာတဲ့ လူကတဲ့ တယောက်ကို ရိုက်နေလို့မို့ မတရားပါဘူး၊ မရိုက်ပါနဲ့၊ အဲဒီလောက်ကြီး မရိုက်ပါနဲ့လို့ ပြောတာ၊ သူ့ကို ခင်ဗျား ဘာဆိုင်လို့တုန်း ဆိုပြီးတော့ ရိုက်တာတဲ့။ တုတ်နဲ့ ရိုက်တာတဲ့။ သူ့ကို ရိုက်တဲ့နေ့တုန်းကတဲ့ ဝန်ထမ်း ၃ ယောက် ရှိတယ်တဲ့။ အဲဒါ ဝန်ထမ်း ၃ ယောက်ကလည်း ဘာမှ မပြောဘူးတဲ့။ အခု ဟို ထောင်မှူးကို တိုင်တော့ ထောင်မှူးက ဘာမှ အရေးမယူဘူးတဲ့။

ဦးရေဝတကလည်း သူ့ကို နိုင်ငံရေးအကျဉ်းသား အများစု ထိန်းသိမ်းထားတဲ့ အကျဉ်းတိုက်ခန်းထဲမှာ ထားဖို့ အာဏာပိုင်တွေကို တောင်းဆိုထားတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား မိသားစု အထောက်အကူပြု ကွန်ရက်အဖွဲ့တာဝန်ခံ ကိုအောင်ဇော်ထွန်းကလည်း အကျဉ်းဆောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတွေကို ထိန်းချုပ်ဖို့ ရာဇဝတ်သားတွေကို ထောင်အာဏာပိုင်တွေက တမင်သက်သက် အသုံးချနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေ ထောင်တွင်း ဖြတ်သန်းနေရတဲ့ အခြေအနေက ကျွန်တော် ကိုယ်တိုင်လည်း ဖြတ်သန်းခဲ့ဘူးပါတယ်။ အဲဒီလို ဖြတ်သန်းခဲ့ဘူးတဲ့ အခြေအနေမှာ ဘာဖြစ်လဲဆိုတော့ အာဏာပိုင်တွေက တခါတခါ ကျရင် သူတို့ရဲ့ လက်နဲ့ ရိုက်မဲ့အစား တခြား သူတို့ ထိန်းချုပ်ထားတဲ့ ရိုးရိုးပုဒ်မ အကျဉ်းသားတွေကို စည်းရုံးပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေကို နှိပ်ကွပ်တာမျိုးတွေ ရှိတယ်။ အဲဒါ ထောင်ရဲ့ အုပ်ချုပ်ရေး နည်းနာထဲက တခုပေါ့လေ။”

“တခါတခါကျရင် အကျဉ်းသား အချင်းချင်းဆိုတဲ့ အခါမှာလည်း အကျဉ်းသားတွေရဲ့ အလွှာစုံ ရှိနေတဲ့အပေါ်မှာ အခွင့်ကောင်းယူပြီးတော့ တချို့ စရိုက်ကြမ်းတဲ့ အကျဉ်းသားတချို့နဲ့ ၅ (ည) တွေကို ပြန်လည်ပြီးတော့ ရိုက်နှက်ခိုင်းတာ၊ ဆဲဆို ကြိမ်းမောင်းပြီးတော့ ဖိနှိပ်ထားတာမျိုးတွေ ရှိပါတယ်။တကယ်တော့ ဒါက အကျဉ်းသား အချင်းချင်း ဖြစ်တဲ့ ပြဿနာ မဟုတ်ဖူး။ ဒီ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ရေး ပေါ်လစီတခုရဲ့ မှားယွင်းမှုပဲ။ အကျဉ်းသားကို အကျဉ်းသားနဲ့ ပြန်အုပ်ချုပ်ခိုင်းတဲ့ ပေါ်လစီပါ။”

အလားတူပဲ ဒီနှစ်ဆန်းပိုင်းလောက်က X2O သြင်္ကန်မဏ္ဍပ် ဗုံးပေါက်မှုမှာ ဓာတ်ပုံရိုက်လို့ အဖမ်းခံရတဲ့ ကိုစည်သူဇေယျနဲ့ အခြား နိုင်ငံရေးအကျဉ်းသားတချို့ကို ရာဇဝတ်သားတွေက ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။