ရှေ့တန်းသို့ စစ်ပစ္စည်း ပို့ရာမှာ ပေါ်တာများ ပြန်သုံးနေ
2011.03.14

အရင်က စစ်ထရပ်ကားတွေနဲ့ ပို့ဆောင်နေရာက အခု ပုံစံပြောင်းပြီး တင်ပို့နေကြောင်း ဒေသခံ တဦးက ပြောပါတယ်။
“နအဖကတော့ ရိက္ခာ ပို့နေတုန်းပဲ။ ရိက္ခာပို့တဲ့ ကားတွေ အလုပ်မဖြစ်တော့ မြင်းတွေ လားတွေနဲ့ ပို့တယ်။ အဲဒီ မြင်းတွေ လားတွေကို ဒီက ပြောက်ကျားနဲ့ ပစ်တယ်။ တချို့နေရာကျတော့ လူကို သုံးတယ်၊ ပေါ်တာတွေ သိပ်သုံးတယ်။ အဲ တချို့တလေကျတော့ မြင်းတွေ လားတွေ သုံးတယ်။ တွဲသုံးတာပေါ့လေနော်။ မြင်းတွေ လားတွေ သွားလို့ အဆင်ပြေတဲ့ နေရာကျတော့လည်း သုံးတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြင်းတွေ လားတွေ အပစ်ခံရတော့ မြင်းတွေ လားတွေ သေတယ်ဗျ။ အဲ အဲလို ဖြစ်နေတာပဲ။”
“ဟို မိုးကုန်တာနဲ့ သူ့ရှေ့တန်းက တပ်တွေကို လိုအပ်တဲ့ လက်နက် ရိက္ခာတွေ ပြန်ပြီးတော့ ဖြည့်တယ်။ အဲဒါ နှစ်တိုင်း သူပို့တာပဲ။”
စစ်အစိုးရဟာ အရင်ကဆို မိုးကုန်ရာသီမှာ ဘူဒိုဇာတွေနဲ့ လမ်းတွေ ပြုပြင်ပြီး ရှေ့တန်းကို ထရပ်ကားတွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ တင်ပို့ခဲ့ပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး ခုလို ပေါ်တာတွေနဲ့အတူ မြင်းတွေ၊ လားတွေကိုပါ အသုံးပြုလာတာလို့ သိရပါတယ်။ ဘူဒိုဇာတွေ အဖျက်ခံရတဲ့အတွက် အခုလို အထမ်းသမား သုံးစွဲလာတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
“နောက်တန်းစခန်းတွေ မဟုတ်လည်း ရှေ့တန်းအခြေခံ စခန်းတွေကနေ နေပြီးတော့ ရှိတဲ့ အဲဒီမှာ ရွာတွေမှာ သွား စခန်းချထားတာကိုး။ အဲဒီ ရွာသားတွေကို သူတို့ ပေါ်တာပဲ ခိုင်းတာပဲ။ သူက စခန်းချကတည်းကတော့ ရှေ့တန်းဆိုပေမဲ့လည်း ရွာတွေ ရှိနေကြတာပဲ။ တချို့တလေ ရွာတွေကတော့ ထွက်ပြေးသွားတာပေါ့။ နောက်တန်း မဟုတ်လည်း နောက်တန်းနဲ့ ရှေ့တန်းကြား အဲဒီလို ကြားနယ်မြေလို ဒေသမျိုးမှာကတော့ ရွာတွေမှာ သူတို့ အခြေခံချတဲ့ ရွာကြီးတွေ ရွာကြီးတွေမှာတော့ အဲဒီအနီး အနားပတ်ဝန်းကျင်က ရွာသားတွေကို သူတို့ အဲဒါ ပေါ်တာခိုင်းတာပဲ။”
ပွင့်လင်းရာသီစတာနဲ့ ပေါ်တာတွေနဲ့ ရှေ့တန်းကို ထောက်ပံ့ရေး ပစ္စည်းပို့ဆောင်ပြီးလို့ ရိက္ခာနဲ့ လက်နက်ခဲယမ်း ပြည့်စုံသွားရင် ထိုးစစ်ဆင်နွှဲလေ့ ရှိတယ်လို့ ဒေသခံက ပြောပါတယ်။
KNU ထိန်းချုပ်နယ်မြေ တပ်မဟာ ၆ နဲ့ ၇ မှာ တိုက်ပွဲဖြစ်ပွားနေပြီး၊ သံတောင်မြို့နယ် တောင်ငူကြီးချောင်း ကားလမ်းမှာ KNU လက်အောက်ခံတပ်တွေက မတ်လ ၈ ရက်နေ့က ချုံခိုတိုက်ခိုက်ရာမှာ စစ်အစိုးရတပ်သား နှစ်ဦး သေဆုံးခဲ့တယ်လို့ KIC ကရင် သတင်း ဌာနက ဖော်ပြထားပါတယ်။