အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေ ဒေါ်လာ ၆၄ ဘီလီယံနီးပါး လိမ်လည်ခဲ့ကြောင်း USIP ထုတ်ပြန်

RFA Burmese
2024.06.07
အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေ ဒေါ်လာ ၆၄ ဘီလီယံနီးပါး လိမ်လည်ခဲ့ကြောင်း USIP ထုတ်ပြန် အွန်လိုင်းငွေလိမ်ဂိုဏ်းများရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်တွင်ရှိသည့် အဆောက်အအုံများကို တွေ့ရစဉ်။
RFA

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း အရှေ့တောင်အာရှအခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့လူတွေဆီကနေ ဒေါ်လာ ၆၄ ဘီလီယံနီးပါး ခိုးယူခဲ့ကြတယ်လို့ အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု (USIP) အစီရင်ခံစာတစ်စောင်က ဖော်ပြလိုက်ပါတယ်။

ဒီမြောက်မြားစွာသောငွေကြေးတွေဟာ မြန်မာစစ်တပ်နဲ့ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ (BGF/KNA) တပ်ဖွဲ့၊ ကမ္ဘောဒီးယားနဲ့ လာအိုက အာဏာရလူတန်းစားတွေဆီကို ရောက်သွားတယ်လို့ ဇွန်လ ၇ ရက် (ဒီနေ့) ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုတို့ဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ ဗဟိုချက်မှာ ရှိနေပြီး အရှေ့တောင်အာရှဟာ ရာဇဝတ်မှုကွန်ရက်တွေကို အဓိက မွေးထုတ်ပေးတဲ့နေရာ ဖြစ်လာနေတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်အနောက်ဖက်ကမ်း တစ်လျှောက်မှာ ရှိနေပြီး အရှေ့တောင်အာရှနိုင်ငံပေါင်း ၅၀ ကျော်ကနေ လူကုန်ကူးခံထားရသူတွေကို အဲဒီလုပ်ငန်းတွေမှာ အဓမ္မခိုင်းစေနေတာလို့ ဆိုပါတယ်။

အရှေ့တောင်အာရှနိုင်ငံ အများစုဟာ ရာဇဝတ်ဂိုဏ်းတွေရဲ့ လှုပ်ရှားမှုတွေနဲ့ ဆက်စပ်နေပြီး သိန်းနဲ့ချီတဲ့လူတွေကို လူကုန်ကူးတာ၊ ငွေလိမ်ဂိုဏ်းတွေမှာ အဓမ္မ အလုပ်ခိုင်းစေတာ၊ ငွေကြေးခဝါချတာတွေ ဖြစ်ပွားနေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီရာဇဝတ်မှုတွေဟာ တရုတ်နိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံတွေတင်မကဘဲ ကမ္ဘာတစ်ဝန်းကို သက်ရောက်စေပြီး အမေရိကန်နိုင်ငံဟာ ငွေလိမ်ဂိုဏ်းတွေရဲ့ အဓိကပစ်မှတ်ဖြစ်လာတယ်လို့ ဆိုပါတယ်။ ဒီလိမ်လည်မှုတွေကြောင့် အမေရိကန်နိုင်ငံသားတွေ နှစ်စဉ် ဘီလီယံနဲ့ချီ ဆုံးရှုံးနေတယ်လို့လည်း ပါရှိပါတယ်။

ဒီအစီရင်ခံစာမိတ်ဆက်ပွဲကို မေလ ၁၃ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာရှိတဲ့ USIP ရုံးမှာ ကျင်းပခဲ့ပြီး ဇွန်လ ၇ ရက်နေ့မှာ တရားဝင်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။