သမ္မတ ဦးသိန်းစိန် နယ်သာလန် ရောက်ရှိ


2014.09.07

သမ္မတ ဦးသိန်းစိန်နဲ့အဖွဲ့ဟာ စက်တင်ဘာ ၇ ရက်နေ့ ညနေပိုင်းက ဆွစ်ဇာလန်နိုင်ငံက တဆင့် နယ်သာလန်နိုင်ငံ Amsterdam မြို့ကို ရောက်ရှိလာပြီး၊ စိုက်ပျိုးရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေ လေ့လာ မယ်လို့ နယ်သာလန်နိုင်ငံက ထုတ်ပြန်တဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဦးသိန်းစိန်နဲ့အဖွဲ့ဟာ နယ်သာလန်နိုင်ငံမှာ စက်တင်ဘာ ၇ ရက်ကနေ ၁၀ ရက်နေ့ အထိနေထိုင် မှာဖြစ်ပြီး စက်တင်ဘာ ၉ ရက်နေ့မှာ နယ်သာလန်ဘုရင်နဲ့ မိဖုရားတို့နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့   NLD –LA နယ်သာလန်ဌာနခွဲက ဦးမိုးဇော် က ပြောပါတယ်။

"၇ ရက်နေ့က စရောက်တယ်ဆိုတော့ ရောက်တဲ့အချိန်မှာ ကျနော်တို့ နယ်သာလန်နိုင်ငံ သတင်း မှာ ဖော်ပြထားတယ်ပေါ့၊ ဘာလဲဆိုတော့ ၉ ရက်နေ့မှာ နယ်သာလန်ဘုရင်ရယ်၊ ဘုရင်မရယ်၊ ပြီးတော့ ဒီကျနော်တို့နဲ့ရောပေါ့နော်၊ ဝန်ကြီးတွေနဲ့ တွေ့ပြီးတော့ စီပွားရေးကိစ္စတွေ ဆွေးနွေးဖို့ရယ် ၊ နောက်တစ်ခု ကျနော်တို့ သဘာဝပတ်ဝန်းကျင်နဲ့ ရေပေါ့နော်၊ ကျနော်တို့ ရေကိုစီမံခန့်ခွဲမှှုရယ် ၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှှုတွေနဲ့ ကျနော်တို့ စိုက်ပျိုးရေကဏ္ဍတွေပေါ့နော်၊ အဲ့ဒါကို ကျနော် တို့ဆွေးနွေးဖို့ အစီအစဉ်ရှိတယ်၊ သဘာဝပတ်ဝန်းကျင်ကိစ္စတွေပေါ့နော်၊ အားလုံးကို ဆွေးနွေးဖို့ အစီအစဉ်ရှိတယ်ဆိုတာ ကျနော်တို့ သိရတယ်"

ဦးသိန်းစိန်ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး မြန်မာသံရုံးကို မေးမြန်းရာမှာ အသေးစိတ် မဖြေကြားဘူးလို့  ဆိုပါတယ်။

နယ်သာလန်နိုင်ငံ NLD လွတ်မြောက်နယ်မြေ အဖွဲ့ခွဲအနေနဲ့ သမ္မတဦးသိန်းစိန်ကို အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့မှာဖြစ်ပါတယ်။

ဒါ့ပြင် သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခွင့်အတွက် နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ ထံ တောင်းခံထားကြောင်းလည်း သိရပါတယ်။

NLD–LA  နယ်သာလန်ဌာနခွဲက သမ္မတထံပေးမယ့် အိတ်ဖွင့်ပေးစာနဲ့ ပတ်သက်ပြီး ဦးမိုးဇော် ကို  ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။