အခြေခံဥပဒေ ပြင်ဆင်ရေး သမ္မတ ဦးသိန်းစိန်နှင့် သမ္မတ ဂျင်မီကာတာ ဆွေးနွေး
2013.09.26

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် သမ္မတဟောင်း နိုဗယ်ငြိမ်းချမ်းရေး ဆုရှင် Mr. Jimmy Carterဦးဆောင်တဲ့ The Elders ကမ္ဘာ့နာယကကြီးများ အဖွဲ့ဝင်တွေ မနေ့ကတွေ့ဆုံရာ မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ရခိုင်ပြည်နယ်ပြဿနာဖြေရှင်းရေးနဲ့ ၂ဝ၁၃ နှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား လုံးဝမကျန်ရှိအောင် ဆောင် ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပြောဆိုပါတယ်။
နေပြည်တော်ကတွေ့ဆုံပွဲမှာ သမ္မတ ဦးသိန်းစိန်က မကြာမီ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်းနဲ့ အပစ်အခတ်များ ရပ်စဲခဲ့ပြီဖြစ်ပေမယ့် ရေရှည်ခိုင်မာတဲ့ ငြိမ်းချမ်းရေးရရှိရန် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပရန်လိုအပ်ကြောင်း ပြောကြားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီဆွေးနွေးပွဲကို ဝန်ကြီး ဦးစိုးသိန်းနဲ့ ဦးအုန်းမြင့်တို့လည်း ပါဝင်တက်ရောက်တယ်လို့ သိရပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မလား အသစ်ရေးဆွဲမှာလားဆိုတာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီရက်ပိုင်းအတွင်း သဘောထားထုတ်ပြန်မယ်လို့ သိရပါတယ်။ ရှေ့နေကြီး ဦးကိုနီကို ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။