မီဒီယာက အစိုးရကို ထိန်းမတ်ပေးဖို့ သမ္မတ နှိုးဆော်
2013.09.01
အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ဒီမိုကရေစီစနစ်ရဲ့ စတုတ္ထမဏ္ဍိုင်ကြီးဖြစ်တဲ့ သတင်းမီဒီယာတွေက တည့်မတ်ပေးဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီကနေ့ တိုက်တွန်း ပြောကြားလိုက်ပါတယ်။
နေပြည်တော် လယ်တောခန်းမမှာ သမ္မတဦးသိန်းစိန်နဲ့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)တို့ တွေ့ဆုံရာမှာ သမ္မတဦးသိန်းစိန်က ပြည်သူတွေရဲ့ လိုလားချက်တွေနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက RFA ကို ပြောပါတယ်။
"ပြည်သူတွေရဲ့ လိုလားချက်ကို သူနားလည်တယ်၊ နံပါတ်(၁)က တိုင်းပြည်တည်ငြိမ်အေးချမ်းတာကို လိုလားတယ်၊ (၂)ကတော့ ပြည်သူလူထုစီးပွား ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်စေချင်တယ်၊ ဒီလိုလားချက်နှစ်ရပ်ကို သူနားလည်တယ်၊ အဲဒါကို ဖြည့်ပေးဖို့ကြိုးစားတယ်ပြောတာပေါ့၊ သူသွားနေတဲ့လမ်းကြောင်း၊ သူလုပ်နေတဲ့လမ်းကြောင်းမှာ နှစ် ၆ဝ လုံးလုံး မပြေမလည်ဖြစ်လာခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်တယ်၊ ငြိမ်းချမ်းရေးလက်မှတ်တွေလည်း အများကြီးထိုးနိုင်တယ်ပေါ့၊ နောက်အစိုးရလုပ်နေတဲ့ လုပ်ငန်းတာဝန်ကိုလုပ်နေတဲ့အခါမှာ ဒီစတုတ္ထမဏ္ဍိုင်က အရေးကြီးတဲ့အကြောင်း ပြောသွားတယ်"
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကလည်း သူတို့ရဲ့လုပ်ဆောင်ချက်တွေ၊ မီဒီယာဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ကွဲလွဲနေသေးတဲ့ အချက်တချို့အကြောင်း သမ္မတ ဦးသိန်းစိန်ကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
ဦးသိန်းစိန်ကလည်း ပြန်ကြားရေးဝန်ကြီးဌာနနဲ့ စာနယ်ဇင်းကောင်စီတို့အကြား ယုံကြည်မှုတည်ဆောက်ဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ သမ္မတ ဦးသိန်းစိန်နဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ တွေ့ဆုံရာမှာ ပြန်ကြားရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် ၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ဥက္ကဌ ဦးခင်မောင်အေး၊ အတွင်းရေးမှူး ဦးကျော်မင်းဆွေတို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက မေးမြန်းထားပါတယ်။