တန်ကြေး ၃ သိန်းထက်ပိုတဲ့ လက်ဆောင်မယူဖို့ ဝန်ကြီးတွေကို သမ္မတညွှန်ကြား
2014.03.18

အစိုးရဝန်ကြီးဌာန အကြီးအကဲတွေအနေနဲ့ လက်ဆောင်ပစ္စည်းတွေ လက်ခံရယူရာမှာ ကျပ်ငွေသုံးသိန်းထက် ကျော်လွန်လက်ခံရင် လာဘ်ပေးလာဘ်ယူအဖြစ် သတ်မှတ်မှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ညွှန်ကြားချက်ပေးပို့ထားတယ်လို့ သိရပါတယ်။
ဒါဟာအစိုးရ ထိပ်တန်းအရာရှိကြီးတွေကို ရည်ညွှန်းတာဖြစ်ကြောင်းနဲ့ တန်ဖိုးကြီးတဲ့ လက်ဆောင်ပစ္စည်းတွေကို လက်ခံရင် ပြည်သူတွေ အနေနဲ့ အထင်မှားစရာဖြစ်လာနိုင်တဲ့အတွက် အခုလို ညွှန်ကြားချက် ထုတ်ပြန်ရတာဖြစ်တယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
"အဓိကက ကျနော်တို့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်တဲ့အခါမှာ ကျနော်တို့အဲလိုတွေ့ဆုံ ဆွေးနွေးပြီးတဲ့အခါမှာ သူတို့လာရောက်လည်ပတ်တဲ့အတွက်ကြောင့်မို့ လက်ဆောင်ပစ္စည်းပေးတာတွေလည်း ရှိပါတယ်၊ အဲလိုလက်ဆောင်ပစ္စည်းပေးတဲ့အခါမှာ တန်ဖိုးရှိတဲ့ပစ္စည်းတွေ ပါလာလို့ရှိရင် ဒါဟာအထင်အမြင် လွဲမှားစရာတွေ ဖြစ်စေတဲ့အတွက်ကြောင့်မို့ ဒေါ်လာငွေ ၃ဝဝ မြန်မာငွေ သုံးသိန်းနဲ့ ပိုတဲ့ပစ္စည်းမျိုးကို လက်မခံဖို့၊ နောက်တန်ဖိုးရှိတဲ့ ရွှေငွေပစ္စည်းတွေဆိုလို့ရှိရင်လည်း လုံးဝလက်မခံဖို့၊ နိုင်ငံတော် သမ္မတကြီးက ညွှန်ကြားချက်ထုတ်တာ ဖြစ်ပါတယ်"
မတ်လ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ဒီညွှန်ကြားချက်အရ အစိုးရအဖွဲ့ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ ခေါင်းဆောင်တွေနဲ့ ဌာနဆိုင်ရာက ထိပ်တန်းအရာရှိကြီးတွေကို ရည်ညွှန်းတယ်လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်ပြီး RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ တင်ပြထားတဲ့ သတင်းဆောင်းပါးကို နားဆင်နိုင်ပါတယ်။