သမ္မတဦးသိန်းစိန် တတိယအကြိမ် ဥရောပခရီးစဉ် စတင်


2014.09.01
president_305 မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် ဒီဇင်ဘာလ ၃ ရက်နေ့က ဘရူးနိုင်းနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်စဉ်
Photo: President Office Website

သမ္မတဦးသိန်းစိန်နဲ့ အဖွဲ့ဟာ မနေ့ညနေပိုင်းက ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ နယ်သာလန်နိုင်ငံတွေကို ချစ်ကြည်ရေး ခရီး ထွက်ခွာသွားပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ဒီကနေ့ ဂျာမနီနိုင်ငံကို ရောက်ရှိ မှာဖြစ်ပါတယ်။ မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ ဂျာမနီ ဝန်ကြီးချုပ် Angela Merkel နဲ့  တွေ့ဆုံမှာဖြစ်ပြီး၊ သတင်းစာရှင်းလင်းပွဲလည်း ကျင်းပမှာပါ။ ဂျာမနီ သမ္မတနဲ့ ကြာသပတေးနေ့မှာတွေ့ဆုံပြီး၊ ဆွစ်ဇာလန်နဲ့ နယ်သာလန်နိုင်ငံတွေကို ဆက်လက်ထွက်ခွာမှာ ဖြစ် ပါတယ်။

သမ္မတဦးသိန်းစိန်နဲ့အတူ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နဲ့ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း အပါအဝင် ပြည်ထောင်စု ဝန်ကြီးတချို့ လိုက်ပါသွားကြပါတယ်။

အခု ၁၀ ရက်ကြာ ခရီးစဉ်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ တတိယအကြိမ်မြောက် ဥရောပခရီးစဉ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီနဲ့ မတ်လက နော်ဝေး၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနဲ့ အီတလီ နိုင်ငံတွေကို သွားရောက်ခဲ့ပြီး၊အဲဒီနှစ် ဇူလိုင်လမှာ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။

EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ချစ်ကြည်ရေးခရီးတွေသွားရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့  အခုခရီးစဉ်ဟာ EU အဖွဲ့ထဲက နောက်ဆုံးကျန်နေတဲ့ နိုင်ငံသုံးနိုင်ငံကို သွားရောက်တဲ့ခရီးဖြစ်ပါတယ်။

မြန်မာအပေါ် ပိတ်ဆို့အရေးယူထားတာတွေအများစုကို EU က ဖယ်ရှားခဲ့ပြီး၊ ကုန်သွယ်ရေးအထူး ကင်းလွတ်ခွင့်လည်း ပေးထားပါတယ်။

ဒါ့ပြင် မြန်မာ့ ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် ငွေကြေးအကူအညီ အမြောက်အများ လည်း ပံ့ပိုးခဲ့ပါတယ်။သမ္မတ ဦးသိန်းစိန်ရဲ့ အခု တတိယမြောက် ဥရောပ ခရီးစဉ်မှာလည်း EU အဖွဲ့ဝင်တွေရဲ့ ကူညီထောက်ပံ့မှု ကတိကဝတ်တွေ ထပ်မံ ရရှိဦးမယ်လို့ မျှော်လင့်ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။