တစ်နိုင်ငံလုံး မဲပေးနိုင်သူ ၃၂ သန်းကျော်ရှိကြောင်း ဦးတင်အေးပြောကြား


2015.07.22
utin-aye-press-620.jpg ရန်ကုန်မြို့ ရွှေလီလမ်းက ရွေးကောက်ပွဲကော်မရှင်သတင်းအချက်အလက်ဌာနမှာ ဇူလိုင်လ ၂၂ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင် ဥက္ကဌ ဦးတင်အေးကို တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

လာမယ့်နိုဝင်ဘာလ ၈ ရက်ရွေးကောက်ပွဲအတွက် မဲပေးနိုင်သူ အရေအတွက်ဟာ လောလောဆယ် ၃၂ သန်းကျော် ရှိတယ်လို့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ ရွှေလီလမ်းက ရွေးကောက်ပွဲကော်မရှင်သတင်းအချက်အလက်ဌာနမှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောခဲ့တာပါ။

"အခု ကျနော့်ရဲ့မိန်းဆာဗာထဲမှာ မဲစာရင်းပေါင်း ၃၂ သန်းကျော်ရောက်ရှိနေပါပြီ၊ ကျနော်ဒါပေမယ့် စိုးရိမ်တယ်၊ ၃၂ သန်းကျော်မှာ ဘယ်လောက်များမှားနေပြီလဲ၊ ဘာကြောင့်မဲစာရင်းအမှန်ကို ရချင်လဲလို့ဆိုရင် ဒီမဲစာရင်းကို ကျနော် မိန်းဆာဗာထဲမှာ ထည့်ပါမယ်၊ နောက်ကျရင် ကျနော် အွန်လိုင်းကိုတင်ပါမယ်၊ နောက်ပြီးရင် ၃ လ တစ်ကြိမ်၊ ၆ လ တစ်ကြိမ် ကျနော် အသစ်တင်ပေးပါမယ်၊ အသစ်အသစ် တင်ခြင်း အားဖြင့် မဲစာရင်းက ထာဝရမှန်နေပါမယ်၊ ကြားဖြတ်ပဲ လုပ်လုပ်၊ ဘာပဲ လုပ်လုပ်၊ မဲစာရင်း ထာဝရမှန်နေမယ်"

တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မှာလည်း ရွေးကောက်ပွဲ ကျင်းပပေးမှာဖြစ် တယ်လို့ ပြောပေမယ့် ၀ ကိုယ်ပိုင်အုပ်ချုင်ခွင့် ရတိုင်း အတွင်းက မြို့နယ် ၆ မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အတိ အကျမပြော နိုင်သေးဘူးလို့ ဦးတင်အေးက ပြောပါတယ်။

မဲစာရင်းနာမည်မပါသူတွေအနေနဲ့ လာမယ့် သြဂုတ်လကုန်လောက်မှာ ၂ ပတ်ကြာ ထုတ်ပြန်မယ့် အပြီးသတ်မဲစာရင်း မှာ ဖြည့်စွက်နိုင်ကြောင်း လည်း ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးဟာ ပြီးခဲ့တဲ့နှစ်ရက်က နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံရာမှာ မဲစာရင်းမှားယွင်း မှုတွေကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးမှာမဟုတ်ကြောင်းနဲ့ မဲစာရင်းမှန် ကန်ရေးကို ပူးပေါင်း ဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မမိုးကလျာဦးက တင်ပြထားတာ နားဆင် နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။