ကိုးကန့်တိုက်ပွဲနဲ့ မြစ်ဆုံစီမံကိန်း ဆက်စပ်မှုရှိနိုင်တယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ပြောကြား
2015.02.17

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးက ကိုးကန့်ဒေသ မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ပြည်တွင်းက တရုတ်ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားနဲ့ ဆက်စပ်မှု ရှိနိုင်တယ်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။
ဒီပြသနာရဲ့ နောက်ကွယ်မှာ လက်ပံတောင်းတောင် ၊ မြစ်ဆုံစတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး လက်ရှိ အခြေအနေတွေအပေါ် မကြေနပ်မှုပယောဂတွေ ပါဝင်နိုင်တယ်
လို့ RFA က ဗုဒ္ဓဟူးနေ့ မနက် ဆက်သွယ်မေးမြန်း ခဲ့ရာမှာ ဦးတင်ဦးက ပြောကြားလိုက်တာဖြစ်ပါတယ်။
"မြှောက်ပြုပေးတဲ့ဟာပါတယ်ပေါ့၊ လက်ပံတောင်း ကိစ္စတို့ ဘာတို့ကလည်း ရှိတာတစ်မျိုး နောက်မြစ်ဆုံ တို့ ဘာတို့က ဖြစ်တာတွေကကတစ်မျိုး အဲဒီ့ဟာတွေရှိတဲ့အခါကျတော့ ဒါတစ်နေရာမှာ အခြေအနေ မတည်မငြိမ်အောင်များ အမှန်ကတော့ ဗျာ ပြေလည်နေလို့ရှိရင်တော့ သူတို့မွေးထားတဲ့ သူတွေကို ငြိမ်စေပေါ့နော်၊ နည်းနည်းပါးပါး သူတို့ဘက်က ဟိုဒင်းဖြစ်လာတယ်ထင် လာရင်တော့ အဲဒီ့မွေးထားတဲ့သူတွေကို အဲဒီ့မွေးထားတဲ့အတိုင်းပဲ ဒုက္ခပေးတတ်တာ ကတော့ သတိထားနေရတာပဲ"
သူ့ရဲ့စစ်ရေးအတွေ့အကြုံအရ အဲဒီ့ဒေသမှာရှိတဲ့ အဖွဲ့အစည်းတွေကို မြန်မာ့တပ်မတော်အနေနဲ့ ယုံကြည်စိတ်ချလို့ မရနိုင်ဘူးလို့လည်း ဦးတင်ဦးကပြောပါတယ်။
ဒီအတောအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖေဖေါ်ဝါရီလ ၁၇ ရက် မနေ့က နေ့စွဲနဲ့ အမိန့် ၂ စောင် ထုတ်ပြန်ခဲ့ပါတယ်။ ပထမကြေညာချက်မှာ ကိုးကန့်ဒေသကို အုပ်ချုပ်ဖို့အတွက် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ပုဒ်မ ၁၄၄ နဲ့ မလုံလောက်တဲ့အတွက် မနေ့ကစပြီး ရက်ပေါင်း ၉ဝ အတည်ဖြစ်မယ့် အရေးပေါ် အခြေအနေကို ကြေညာလိုက်ကြေင်း ဖေါ်ပြထားပြီး ဒုတိယအမိန့်မှာတော့ ကိုးကန့်ဒေသအုပ်ချုပ်ရေးအတွက် စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတွေ အပ်နှင်းလိုက်ကြောင်း ဖေါ်ပြထားပါတယ်။
တဆက်တည်းမှာပဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လောက်ကိုင်မှာ ရှိတဲ့ ဒေသကွပ်ကွဲရေးမှူး ဗိုလ်မှူးကြီး စောမြင့်ဦးကို ကိုးကန့်ဒေသအုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်တွေ လွှဲအပ်လိုက်ကြောင် ကြေညာခဲ့ပါတယ်။
ဒီအတောအတွင်း လောက်ကိုင်ဒေသက ထွက်ပြေးလာတဲ့ ဟန်တရုတ်လူမျိုး ငါးသောင်းကို ယူနန်အာဏာပိုင်တွေက ကူညီစောင့်ရှောက်ထားကြောင်းနဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် ဦးထွန်းမြတ်လင်းက သူတို့အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လိုလားပေမဲ့ တိုင်းပြည်ပြိုကွဲမှာကိုတော့ မဖြစ်စေချင်ပါဘူးလို့ ပြောဆိုကြောင်း ဒီကနေ့ထုတ်ဝေတဲ့ တရုတ်ပြည်သူ့နေ့စဉ်သတင်းစာမှာ ဖေါ်ပြထားပါတယ်။
ရန်ကုန်ကလာတဲ့ တခြားသတင်းတစ်ပုဒ်မှာတော့ လောက်ကိုင်ဒေသမှာ ပိတ်မိနေတဲ့ အရပ်သားတွေကို သွားရောက်ကယ်ဆယ်တဲ့ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ မော်တော်ယဉ်တန်းကို မနေ့မနက်က လောက်ကိုင်နဲ့ ချင်းရွှေဟော်အကြား တိုက်ခိုက်ခံရလို့ လူ ၂ ဦး ဒဏ်ရာရကြောင်း ဖေါ်ပြထားပါတယ်။ ကိုးကန့်အဖွဲ့က တိုက်ခိုက်တယ်လို့ သတင်းထွက်ပေမဲ့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။