ဦးဝင်းတင်ဖောင်ဒေးရှင်း သိန်း ၈ဝဝ ကျော် ကူညီထောက်ပံ့
2013.09.12
ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းဟာ လွန်ခဲ့တဲ့တစ်နှစ်ကျော်ကာလအတွင်း နိုင်ငံရေး အကျဉ်းသား နှစ်ရာကျော်ကို ငွေကျပ်သိန်း ၈ဝဝ ကျော် ကူညီထောက်ပံ့ပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ တော်ဝင်နှင်းဆီခမ်းမမှာ ဒီနေ့ကျင်းပတဲ့ ၁ဝ ကြိမ်မြောက် နိုင်ငံရေးအကျဉ်းသားတွေကို ထောက်ပံ့တဲ့အခမ်းအနားမှာ ဖောင်ဒေးရှင်းရဲ့ အတွင်းရေးမှူး ဦးကျော်အောင်က RFA ကို အခုလို ပြောကြားခဲ့တာပါ။
“ဒီနေ့ ကျနော်တို့က လက်ရှိနိုင်ငံရေးအကျဉ်းသား ၆ ဦးကို ၅ သိန်းက ၄ ဦး ၃ သိန်းက ၂ ဦးပေါ့ စုစုပေါင်း ၂၆ သိန်း၊ နောက်တခါ နိုင်ငံရေးအကျဉ်းသားဟောင်း ၃၃ ဦးပေါ့ စုစုပေါင်း ၁ဝ၈ သိန်း ဒီနေ့ထောက်ပံ့တယ်ခင်ဗျ၊ ပြီးခဲ့တဲ့ ၉ ကြိမ်မြောက်အထိကို လက်ရှိနိုင်ငံရေးအကျဉ်းသား ၄၉ ဦး နိုင်ငံရေးအကျဉ်းသားဟောင်းက ၂၁၇ ဦး အားလုံး ၁၆၆ ဦးပေးပြီးပြီ၊ ပြီးခဲ့တဲ့အကြိမ်အထိက ၇ဝ၁ သိန်းပေးထားခဲ့တယ်၊ အခုဒီတစ်ကြိမ်က ၁ဝ၈ သိန်းနဲ့ ပေါင်းလိုက်လို့ရှိရင် ၈ဝ၉ သိန်းဖြစ်သွားပြီ”
ဖောင်ဒေးရှင်းအနေနဲ့ အကျဉ်းထောင်ထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေအပြင် နိုင်ငံရေးအကျဉ်းသားဟောင်းတွေအတွက်ပါ ထောက်ပံ့ပေးနေတာလည်းဖြစ်ပါတယ်။ ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းကို ပြီးခဲ့တဲ့နှစ် မတ်လ ၁၂ ရက်ေန့က စတင်ထူထောင်ခဲ့တာဖြစ်ပြီး ပြည်တွင်းပြည်ပက အလှူရှင်တွေရဲ့ လှူဒါန်းငွေတွေနဲ့ အခုလိုထောက်ပံ့ပေးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။