အစိုးရနဲ့ ယာယီ သဘောတူညီချက် UWSA အဖွဲ့တွင်း ရှင်းလင်း
2011.09.15

Photo Courtesy of UWSA
ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နဲ့ ၆ ရက်နေ့တွေက ပြည်ထောင်စု ဝန်ကြီး ဦးအောင်သောင်းနဲ့ ဦးသိန်းဇော် ဦးဆောင်လာတဲ့ ရှမ်းပြည်နယ် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ နဲ့ UWSA တို့ ကျိုင်းတုံမြို့မှာ လက်မှတ် ရေးထိုးခဲ့ပြီးတဲ့နောက် UWSA အဖွဲ့ အတွင်း ဒီကနေ့ ပဏာမ သဘောတူညီချက်ကို ချပြပြီး ဆွေးနွေးတာ ဖြစ်ပါတယ်။
တာဝန်ခံအသီးသီးကို အဖွဲ့လိုက် ဆွေးနွေး အကြံပြုခိုင်းခဲ့ကြောင်း UWSA အရာရှိတဦးက အာရ်အက်ဖ်အေကို ပြောပါတယ်။
ဒီကနေ့ အစည်းအဝေးမှာ တင်ပြတဲ့ ပဏာမ သဘောတူညီချက် ၄ ချက် ရှိတယ်လို့ UWSA အရာရှိက ပြောပါတယ်။ လက်ရှိ ပစ်ခတ် တိုက်ခိုက်ခြင်း မပြုတဲ့ အခြေအနေကို ဆက်ပြီး ထိမ်းသိမ်းထားရန်၊ ဆက်ဆံရေးရုံးများ ပြန်လည် ဖွင့်လစ်ရန်၊ လက်နက်ကိုင်ဆောင်ပြီး နယ်မြေကျော်လွန်သွားလာပါက ကြိုတင် အကြောင်းကြားရန် အပြင် နှစ်ဘက် သဘောတူညီသော နေရာမှာ ငြိမ်းချမ်းရေး စတင် ဆွေးနွေးရန်တို့ ဖြစ်ကြပါတယ်။
ဒီကနေ့ အစည်းအဝေးကို UWSA ထိပ်ပိုင်း ခေါင်းဆောင်၂၀၀ခန့် တက်ရောက်ပြီး ဌာနအလိုက် တွေ့ရှိချက်တွေကို ဒီကနေ့ တင်ပြကြပြီးတဲ့နောက် မနက်ဖြန်မှာ ဗဟိုက ပြန်လည် ဆွေးနွေးမှာ ဖြစ်တယ်လို့ သိရပါတယ်။