တရုတ်ဘက်မှာ ပိတ်မိနေတဲ့ ဒုက္ခသည်ငါးထောင်ခန့်ကို UWSA စလက်ခံနေ
2023.11.06

မြောက်ပိုင်းသုံးဖွဲ့တိုက်ပွဲကြောင့် ကိုးကန့်ဒေသ ချင်းရွှေဟော်မြို့ကနေ တရုတ်နိုင်ငံ မိန်းတိန်မြို့ထဲကို ထွက်ပြေး နေရတဲ့ ဒုက္ခသည်ငါးထောင်ဝန်းကျင်ကို ‘၀’ တပ်ဖွဲ့ (UWSA) က နိုဝင်ဘာ ၅ ရက် မနေ့က စလက်ခံနေတယ်လို့ ကိုယ်တိုင် ထွက်ပြေးနေရသူတွေက ပြောပါတယ်။
တရုတ်အာဏာပိုင်တွေက နေရာထိုင်ခင်း စီစဉ်ပေးခဲ့ပေမယ့် ရေနဲ့ အစားအသောက်တွေ လုံလုံလောက်လောက် မရတာကြောင့် ချင်းရွှေဟော်နယ်စပ်ကနေ UWSA ထိန်းချုပ်တဲ့ နမ့်တစ်မြို့ထဲကို ဝင်ရောက်ခွင့်ရဖို့ တောင်းဆိုခဲ့ကြတာလို့ ကိုယ်တိုင်ထွက်ပြေးရသူ ကိုစိုင်းက RFA ကို ပြောပါတယ်။
“ကျွန်တော်ကတော့ ‘၀’ ဘက်ကို ရောက်ပြီဗျ။ နမ့်တစ်ကိုရောက်ပြီ ။ တရုတ်ဘက်မှာတော့ နှစ်ထောင်လောက် ကျန်သေးတယ် ဒီဘက်ကိုလာဖို့လေ။ တရုတ်ဘက်မှာက အဆင်မပြေဘူး။ ကျွန်တော်တို့ကို နေရာရွှေ့ပြီးတော့ သတင်းတွေ ပေးလို့ဆိုပြီး ဖုန်းတွေစစ်တာတွေလည်း လုပ်တယ်။ အစားအသောက်လည်း လုံလုံလောက်လောက် မရလို့ အားလုံးနယ်စပ်ကို လမ်းလျှောက်လာခဲ့ကြတာ။ အခုတော့ တချို့ ‘၀’ ဘက်ကိုရောက်ကုန်ပြီ”
မြန်မာပြည်ဘက်ကို ဝင်ရောက်ခွင့် မရသေးသူတွေကတော့ လက်ရှိ နယ်စပ်မှာ အမိုးအကာ၊ အခင်းမရှိဘဲ ဖြစ်သလို နေထိုင်နေကြရတယ်လို့ ကိုစိုင်းက ဆိုပါတယ်။
လက်ရှိအချိန်မှာ ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ်ဖွဲ့က ထိန်းချုပ်ထားပြီး ဒုက္ခသည်တွေကို အုပ်စုလိုက်ဝင်ခွင့် ပေးနေသလို ချင်းရွှေဟော်ကနေ နမ့်တစ်မြို့ကိုတော့ ကားတွေနဲ့ ပို့ဆောင်ပေးခဲ့တာလို့ ကိုစိုင်းက ပြောပါတယ်။
UWSA ရဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ကိုညီရမ်းကလည်း သူတို့အနေနဲ့ တရုတ်ပြည်ထဲရောက်နေတဲ့ ဒုက္ခသည်တွေကို စတင်လက်ခံပေးနေတယ်လို့ RFA ကို ပြောပါတယ်။
“တရုတ်ပြည်မှာရှိနေတဲ့ စစ်ရှောင်လေး ငါးထောင် ဝန်းကျင်တွေလည်း မနေ့ကနေစပြီးမှ ကျွန်တော်တို့ ‘၀’ ပြည် နယ်အတွင်းကို ဝင်လာနေပြီနော်။ တစ်ရက်ကို လေးငါးရာတစ်ထောင် အဲလိုပုံစံမျိုးနဲ့ ဝင်လာနေတယ်”
နမ့်တစ်မြို့အတွင်းမှာ လက်ရှိ စစ်ဘေးဒုက္ခသည် ၂၅,၀၀၀ ကျော်အထိရှိနေပြီး အဲဒီအထဲကတချို့ကို ကျိုင်းတုံနဲ့ တန့်ယန်းလမ်းပိုင်းတွေကနေ နေရပ်ပြန်ပို့ပေးနေတယ်လို့ ကိုညီရမ်းက ဆိုပါတယ်။
စစ်ရေးတင်းမာနေတဲ့ ကွမ်းလုံမြို့က ဒေသခံအချို့လည်း နမ့်တစ်မြို့ကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၆ ရက် ဒီနေ့နေ့လယ်ပိုင်းအထိ ရရှိတဲ့စာရင်းအရ ကိုးကန့်ဒေသ၊ လောက်ကိုင်နဲ့ တရုတ်နယ်စပ်မှာ ဒုက္ခသည် ၁၅,၀၀၀ ကို နေရာချပေးနေတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ဒေသဦးစီးအဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။
လက်ရှိ နမ့်တစ်မြို့မှာ ဒုက္ခသည် ၂၅,၀၀၀ ဝန်းကျင်၊ ချင်းရွှေဟော်နယ်စပ် မိန်းတိန်မြို့နယ်အတွင်းမှာ ဒုက္ခသည် လေးထောင်ဝန်းကျင်၊ လားရှိုးမြို့မှာ ခုနစ်ထောင်ဝန်းကျင်၊ သိန္နီမြို့နယ်မှာ တစ်သောင်းဝန်းကျင် ရှိနေပါတယ်။
နောင်ချို၊ ကျောက်မဲ၊ နမ္မတူ၊ မုံးကိုး၊ နမ့်ခမ်း၊ ကွမ်းလုံမြို့တွေက ထပ်တိုးလာတဲ့ ဒုက္ခသည်တွေနဲ့ဆိုရင် အနည်းဆုံး ဒုက္ခသည် ရှစ်သောင်းဝန်းကျင်အထိ ရှိလာပြီလို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။