ဝ ရဟတ်ယာဉ် ဝယ်ယူမှုနဲ့ နိုင်ငံရေး ပြဿနာ
2020.02.27
ဝ (UWSA) က ဝယ်ယူထားတဲ့ ရဟတ်ယာဉ်ဟာ Robinson R-44 အမျိုးအစားဖြစ်ပြီး ဈေးကွက်ထဲမှာ အမေရိကန် ဒေါ်လာ သုံးသိန်းခွဲကနေ လေးသိန်း တန်ကြေးရှိတယ်လို့ စစ်ဘက်လေ့လာသူတွေ ပြောပြချက်အရ သိရပါတယ်။
မူရင်းထုတ်ကုန်က အမေရိကန်ဖြစ်ပေမယ့်လည်း တရုတ်နိုင်ငံက ပုံတူထုတ်လုပ်တာလည်းဖြစ်နိုင်ကြောင်းနဲ့ လုံခြုံရေးရှုထောင့်အရ မပေါ့သင့်ဘူးလို့ သေနင်္ဂမဟာဗျုဟာလေ့လာရေးအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးနိုင်ဆွေဦး က ပြောပါတယ်။
ဝတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းကတော့ ဒါဟာ အပျော်တမ်းသဘော သာမန်ရဟတ်ယာဉ်တစ်စီးသာ ဖြစ်တယ်လို့ ပြောပါတယ်။ ဘယ်နိုင်ငံထုတ်အမျိုးအစား၊ ဘယ်နှစ်စီး ဝယ်ယူထားတယ်ဆိုတာမျိုး တိတိကျကျ ပြောဆိုတာမျိုးတော့ မရှိပါဘူး။
အင်အားကြီးမားတဲ့ ဝတပ်ဖွဲ့ရဲ့ ရဟတ်ယာဉ်ပိုင်ဆိုင်မှုက ဝေဟင်စိုးမိုးရေးအတွက် မဟုတ်သည့်တိုင်၊ စစ်ဆင်ရေး တွေမှာ သုံးလို့ရတဲ့အနေအထားလို့ တပ်မတော်သားဟောင်းဖြစ်တဲ့ ဦးနိုင်ဆွေဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ လေးငါးနှစ်ဝန်းကျင်ကတည်းက ၀ တပ်ဖွဲ့က ရဟတ်ယာဉ်ဝယ်ယူဖို့ ကြိုးစားတယ်လို့ သတင်းထွက်ဖူး ပါတယ်။ လက်တွေ့မှာတော့ ဝထိန်းချုပ်ရာဒေသက ပန်းခြံမှာ လေယာဉ်အဟောင်း၊ ရဟတ်ယာဉ်အဟောင်းကို ပြသထားတာလည်း တွေ့ရပါတယ်။
၀ ဒေသဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်လို့၊ စီးပွားရေး၊ အုပ်ချုပ်ရေး ယန္တရားတွေကို သူ့ကိုယ်ပိုင်စနစ်နဲ့ လည်ပတ်နေတာပါ။ ဥပဒေအရ အကျုံးမဝင်သည့်တိုင် ၀ နဲ့ပတ်သက်လာရင် တချို့စစ်ရေး၊ အုပ်ချုပ်ရေးကိစ္စဟာ ပြောရဆိုရခက်တဲ့ကိစ္စဖြစ်တယ်လို့ သုံးသပ်သူက ISP-Myanmar အဖွဲ့က ပြင်ပဆက်ဆံရေးအရာရှိ ဦးအောင်သူငြိမ်းပါ။
၀ တပ်ဖွဲ့ UWSA ဟာ သူ့ယန္တရား သူလည်ပတ်နေတာ ၁၉၈၉ ခုနှစ်ကတည်းကဖြစ်တာမို့၊ လေကြောင်းပိုင်နက် လည်း အလားတူအုပ်ချုပ်မယ့်ပုံဖြစ်နိုင်တယ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဟောင်းလည်းဖြစ်၊ တိုင်းရင်းသား လက်နက်ကိုင်အရေး ကျွမ်းကျင်သူလည်းဖြစ်တဲ့ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဝေဟင်ပျံသန်းရေးကိစ္စ ပါ၊ မပါဆိုတာထက်၊ ရဟတ်ယဉ်ဝယ်ယူမှုဟာ မြန်မာနိုင်ငံ မှာ ပြဌာန်းထားတဲ့ လေကြောင်းဥပဒေတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ဦးနိုင်ဆွေဦးက ထောက်ပြပါတယ်။
ဒါကြောင့် အစိုးရဘက်က တားမြစ်ပိတ်ပင်သင့်တယ်လို့လည်း သူက ထောက်ပြပါတယ်။
၀ တပ်ဖွဲ့ဟာ ခေတ်မီ၊ ဝေဟင်ပစ် ဒုံးလက်နက်နဲ့ ဟောင်ဝှစ်ဇာအမြောက်တွေ၊ ဒုံးသီးတွေ တပ်ဆင်ထားတဲ့ မောင်းသူမဲ့ဒရုန်းတွေ ပိုင်ဆိုင်ပါတယ်။ ၀ တပ်ဖွဲ့က လက်ရှိ ဝယ်ယူတဲ့ ရဟတ်ယာဉ်က အရပ်သုံးဆိုပေမယ့်၊ သီရိ လင်္ကာမှာ အားကောင်းခဲ့တဲ့ တမီးလ် ကျားသူပုန်တွေလို လေတပ်အသေးစားက ပိုင်ဆိုင်နိုင်ရေးကြိုးပမ်းမှု ရှိ၊ မရှိ စောင့်ကြည့်ရဦးမယ်လို့ ကိုနိုင်ဆွေဦးက ဆိုပါတယ်။
၀ တပ်ဖွဲ့ဟာ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်နေတဲ့ ငြိမ်းချမ်းရေးကဏ္ဍမှာ တက်တက် ကြွကြွ ပါဝင်တာမျိုးမရှိပါဘူး။ ဒါဟာ အဓိကအားဖြင့် ၀ လက်ရှိရထားတဲ့အခွင့်အရေးတွေက NCA လက်မှတ်ရေး ထိုးရာမှာ ပါဝင်တဲ့အချက်တွေထက် ပိုခိုင်မာတာကြောင့်လို့ ISP Myanmar အဖွဲ့က ဦးအောင်သူငြိမ်းက သုံးသပ် ပါတယ်။
ဒါကြောင့် ဝနဲ့ မိုင်းလား အုပ်စုတွေကို တခြား လက်နက်ကိုင်အဖွဲ့တွေထက် အစိုးရအနေနဲ့ သီးခြားစီဆွေးနွေးသင့် တယ်လို့ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။
၀ ရဲ့ ကနဦး ဝေဟင်ခြေလှမ်းက လူပြောသူပြောများပေမယ့်၊ တကယ့် ပြသနာရင်းမြစ်က နိုင်ငံရေးပြဿနာလို့ သုံးသပ်နေကြပါတယ်။