ကျိုင်းတုံကို တိုက်ခိုက်မယ့်သတင်း မမှန်ကြောင်း "ဝ" တပ်ဖွဲ့ ထုတ်ပြန်
2024.01.17

ရှမ်းပြည်နယ် အရှေ့ပိုင်းက စစ်ကောင်စီရဲ့ ရွှေတြိဂံတိုင်းစစ်ဌာနချုပ်ရှိရာ ကျိုင်းတုံမြို့ကို တိုက်ခိုက်မှာမဟုတ်ဘူးလို့ "ဝ" ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ဇန်နဝါရီလ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ဟိုပန်နဲ့ ပန်လုံမြို့တွေကို UWSA “ဝ” တပ်ဖွဲ့တွေ လွှဲပြောင်းရယူပြီးနောက် ကျိုင်းတုံမြို့ကို UWSA က ထိုးစစ်ဆင်တိုက်ခိုက်တော့မယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့တာပါ။
ဒီသတင်းတွေဟာ မမှန်ကန်ဘူးဆိုတဲ့ “ဝ” တပ်ဖွဲ့ ရဲ့ တရုတ်ဘာသာနဲ့ ကြေညာချက်တစ်စောင်ထွက်ပေါ်ခဲ့တာပါ။ အဲဒီသတင်းထုတ်ပြန်ချက်ဟာ မှန်ကန်တယ်လို့ “ဝ” တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို အတည်ပြုပါတယ်။
ဒီထုတ်ပြန်ချက်မှာ “ဝ” တပ်ဖွဲ့အနေနဲ့ စစ်ကောင်စီနဲ့ လက်မှတ်ရေးထိုးထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ထိန်းသိမ်းသွားပြီး လက်ရှိ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေမှာ ဘယ်ဘက်မှာမှ ပါဝင်မှာမဟုတ်ဘဲ ဘက်မလိုက်တဲ့ မူဝါဒကို ဆက်လက် ကျင့်သုံးသွားမယ်လို့ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ ဆွေးနွေးပွဲကနေ ထွက်ပေါ်လာတဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ရဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်နက်ကိုင်အဖွဲ့အားလုံးက လိုက်နာကြမယ်လို့ မျှော်လင့်ကြောင်းနဲ့ “ဝ” တပ်ဖွဲ့အနေနဲ့ တတ်နိုင်သမျှ အစွမ်းကုန် ဆက်လက်ပံ့ပိုးပေးဖို့ ဆန္ဒရှိတယ်လို့လည်း ဆိုပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး”ဖော်ဆောင်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်တွေကို “ဝ”တပ်ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ခိုလှုံခွင်ပေးခဲ့သလို လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပေးခဲ့ပြီး လက်နက်ချသူတွေ၊ နေရပ်ပြန်မယ့် အရပ်သားတွေကိုလည်း “ဝ” တပ်ဖွဲ့ နယ်မြေတွေက တစ်ဆင့် ပို့ဆောင်ကူညီပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
ကျိုင်းတုံမြို့ဟာ “ဝ” တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ မြောက်ပိုင်း “ဝ”ဒေသဌာနချုပ် ပန်ဆန်းမြို့နဲ့ တောင်ပိုင်း”ဝ” ဒေသ မိုင်းဆတ်ခရိုင်အကြားမှာ ရှိတာပါ။
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှာရှိတဲ့ ဟိုပန်နဲ့ ပန်လုံမြို့ကို ဇန်နဝါရီလ ၄ ရက်နေ့မှာ စစ်ကောင်စီက UWSA “ဝ” တပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့တယ်လို့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
“ဝ” တပ်ဖွဲ့ဟာ အရင်နှစ်ပေါင်းများစွာကတည်းက ပြည်ထောင်စုအစိုးရထံကနေ ဟိုပန်နဲ့ ပန်လုံဒေသကို ပေးဖို့တောင်းဆိုခဲ့ပေမဲ့ ၂၀၂၄ ခုနစ် ဇန်နဝါရီ ၄ ရက်နေ့မှာ စစ်ကောင်စီက ပေးခဲ့တာလို့လည်း ဆိုပါတယ်။
“ဝ” တပ်ဖွဲ့ဟာ စစ်ကောင်စီနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိသလို မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နဲ့လည်း မဟာမိတ်တွေ ဖြစ်ပါတယ်။