UWSA နယ်မြေ ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်


2015.07.20
govt-army-wa-620.jpg အစိုးရတပ်သားတွေနဲ့ ဝ လက်နက်ကိုင်အဖွဲ့မှ တပ်သားတစ်ဦး(ယာ)တို့ကို ရှမ်းပြည်နယ်မြောက်ပိုင်း ကျိုင်းတုံမြို့အနီး ပန်ဆန်းတွင် အတူတွေ့ရစဉ်
Photo: AFP

UWSA ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ ထိန်းချုပ်ထားတဲ့ လူဦးရေ ၆ သိန်းရှိ နယ်မြေအတွင်း ၂၀၁၅ ရွေးကောက် ပွဲကို ကျင်းပနိုင်မှာ မဟုတ်ကြောင်း ဝပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့က RFA ကိုပြောပါတယ်။

အထူးဒေသ၂၊ ဝဒေသအတွင်း ရွေးကောက်ပွဲမကျင်းပနိုင်ဘူးဆိုတာဟာ ဒေသတွင်းနေထိုင်သူ အများစုအနေနဲ့  မှတ်ပုံတင်မရှိလို့ဖြစ်တယ်လို့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ UWSA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က ပြောပါတယ်။

"ကျနော်တို့နယ်မြေထဲမှာတော့ လုံးဝမရှိဘူး၊ အစိုးရလည်း ရွေးကောက်ပွဲလုပ်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ အစိုးရ နယ်ထဲမှာပေါ့နော် ဟိုပန်မြို့နယ် တို့မှာတော့ အစိုးရကလုပ်မယ်လို့ထင်တယ်၊ လူ ၆ သိန်းရှိတဲ့အထဲက ဒီမှာ မှတ်ပုံတင်ရှိတာက နှစ်ထောင်ကျော်ကျော်လေးပဲ ရှိမယ်ထင်တယ်၊ နောက်မှတ်ပုံတင်ရှိတယ် အိမ်ထောင်စု စာရင်းမရှိဘူး"

ဝဒေသတွင်းမြို့နယ်ပေါင်း ၆ မြို့နယ် လူဦးရေ ၆ သိန်းကျော်မှာ  မှတ်ပုံတင်လက်ဝယ်ရှိသူ ထောင်ဂဏန်းသာရှိပြီး (လဝက) က မှတ်ပုံတင်လာရောက်လုပ်ကိုင်ပေးဖို့ကိစ္စကို ဒေသတွင်း ငြိမ်းချမ်းမူမရှိတာကြောင့် မလာရောက်ဘူး လို့ဆိုပါတယ်။  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း ငြိမ်းချမ်းမှုမရှိတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည် နယ်တွေမှာ ရွေးကောက်ပွဲကျင်းပမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။  ဒါပေမဲ့ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်တဲ့ အလားအလာရှိနေပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း ဝဒေသအတွင်းမှာ ရွေးကောက်ပွဲမကျင်းပခဲ့ပဲ  ရွေးကောက်ပွဲမတိုင်ခင် ပါတီများဖွဲ့စည်းခြင်းနဲ့ ရွေးကောက်ပွဲ မဲဆွယ်ရေးကိစ္စများကို လုပ်ကိုင်ခွင့်ပေးမှာ မဟုတ်ကြောင်း UWSA က ကြေညာထားပါတယ်။ အဲဒီတုန်းက အထူးဒေသ (၂) မှာ တာဝန်ထမ်းဆောင်သူ အစိုးရဝန်ထမ်းများဟာ မိမိတို့နေရပ်ကို ပြန်ပြီးမဲထည့်ခဲ့ကြရပါတယ်။ အစိုးရဝန်ထမ်းများ ပြန်သွားကြပြီးနောက်ပိုင်း ဒေသတွင်းကို ပြန်လာသူ မရှိသလောက်ပဲလို့လည်း သိရပါတယ်။

ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။