အစိုးရနဲ့ တပ်မတော်ကို ယှဉ်ပြိုင်လိုတဲ့ သဘောမရှိကြောင်း "ဝ" ထုတ်ပြန်
2019.06.06

အစိုးရနဲ့ တပ်မတော်ကို ယှဉ်ပြိုင်လိုတဲ့ သဘောမရှိကြောင်း ဝ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့က ဇွန်လ လေးရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ဇွန်လ နှစ်ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ဝ ပြည် ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် ၃၀ ပြည့် စစ်ရေးပြအခမ်းအနားကျင်းပတာဟာ စင်ပြိုင်အစိုးရ၊ စင်ပြိုင်တပ်မတော် သဘော မျိုးဖြစ်နေလို့ တပ်မတော်ဘက်က လက်မခံနိုင်ကြောင်း၊ ငြိမ်းချမ်းရေးအတွက် တုံ့ပြန်မှုတွေမလုပ်ခဲ့ကြောင်း၊ သည်းခံတယ်ဆိုတာ အတိုင်းအတာတစ်ခုရှိကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦးနဲ့ ဗိုလ်ချုပ် ထွန်းထွန်းညီတို့က ပြောကြားခဲ့ပါတယ်။
တပ်မတော်ဘက်က ပြောဆိုချက်တွေဟာ ဆီလျော်မှုမရှိတဲ့ ပြောဆိုချက်တွေ ဖြစ်ကြောင်း၊ ဝ အဖွဲ့အနေနဲ့ တပ်မတော်ကို ရန်သူလိုသဘောမထားဘဲ တစ်ခြားလက်နက်ကိုင်တပ်ဖွဲ့တွေကိုလည်း ရန်သူလို သဘော မထားကြောင်း၊ သမိုင်းအစဉ်အဆက်မှာ မြန်မာနိုင်ငံရှိ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ အရေးကြီးတဲ့ ပွဲတော်တွေ ကျင်းပရာမှာ စစ်ရေးပြအခမ်းအနား ထည့်သွင်းကျင်းပလေ့ရှိကြောင်းနဲ့ အတွေးမလွန်ကြစေဖို့လည်း ၀ အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။
UWSA ရဲ့ လားရှိုးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်း က တပ်မတော်ဘက်က နားလည်မှုလွဲတာလို့ ပြောပါတယ်။
"ထုတ်ပြန်ချက်ရဲ့ အဓိကကတော့ ဒီလိုနားလည်မှုမလွဲမှားအောင်လို့ပဲလေ၊ ကျွန်တော်တို့လည်း အခုမှကျင်း ပတာမှ မဟုတ်တာ၊ ၁၀ နှစ်မြောက်ကလည်းကျင်းပခဲ့တာပဲ၊ စစ်ရေးပြလာခဲ့သေးတာပဲ၊ ဘယ်သူ့ကိုမှ ရန်လိုတဲ့သဘောမျိုး လုပ်ဆောင်ခဲ့တာမျိုး မဟုတ်ပါဘူး၊ ငြိမ်းချမ်းရေးပွဲတော်ဆိုကတည်းက ငြိမ်းချမ်းရေးရလာဖို့ ခက်ခဲတဲ့ ဒီငြိမ်းချမ်းရေးကို အမြတ်တနိုးတန်ဖိုးထားပြီး ဆက်လက်ပြီးတော့ တည်တံ့ခိုင်မြဲအောင် ဖော်ဆောင်ချင် တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပခဲ့တာပဲလေ၊ နားလည်မှုလွဲမှားမှုမရှိအောင် ရှင်းလင်းတဲ့သဘောမျိုးပါပဲ’’
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွ့ဲတွေဟာ သူတို့ရဲ့နေ့ထူးနေ့မြတ်တွေမှာ စစ်ရေးပြအခမ်းအနားတွေ ထည့်သွင်း ကျင်းပတဲ့ သာဓကတွေရှိတယ်လို့ ကြေညာချက်ထဲမှာ ထည့်သွင်းထားပါတယ်။
ဝ အဖွဲ့ဟာ ဧပြီ ၁၇ ရက်နေ့က စတင်ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် ၃၀ ပြည့်အခမ်းအနားမှာ ခေတ်မီ လက်နက်တွေနဲ့ စစ်ရေးပြခဲ့တာဖြစ်ပြီး ဝ ပြည်နယ်ဟာ ဆယ်စုနှစ် ၃ ခုကာလအတွင်း ဖွံ့ဖြိုးတိုးတက်လာတာကို ပြသတဲ့သဘောလည်း ဖြစ်ပါတယ်။
တခြားတိုင်းရင်းသားအဖွဲ့တွေက ဝ အဖွဲ့ရဲ့လုပ်ဆောင်ချက်တွေကို အားကျအတုယူလာကြပြီး ဝ လို ခေတ်မီ လက်နက်တွေပိုင်ဆိုင်တာ၊ အင်အားပြည့်တဲ့ တပ်မတော် ဖြစ်လာတာတွေကို လိုလားနေကြတဲ့အပေါ် တပ်မတော်ဘက်က စိုးရိမ်လာတာဖြစ်မယ်လို့လည်း နိုင်ငံရေးစစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
‘’တပ်မတော်ဘက်က စိုးရိမ်နည်းနည်းကြီးတယ်လို့ထင်ပါတယ်၊ စစ်ရေးပြအခမ်းအနားတွေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလုပ်တာ ဝ တစ်ဖွဲ့တည်းမဟုတ်ပါဘူး၊ အခုဒီတစ်ခါပြတဲ့အထဲမှာတော့ အမြှောက်တွေ လက်နက်ကြီးတွေ ထုတ်ပြတဲ့အတွက် ပရိသတ်စိတ်ဝင်စားမှုများတာပေါ့၊ အဲဒီအပေါ်မှာ တပ်မတော်အနေနဲ့ စင်ပြိုင်အနေအထားအထိ ထုတ်ဖော်ပြောဆိုတဲ့စွပ်စွဲချက်ကတော့ အခြေအနေနဲ့မကိုက်ညီဘဲ ကောက် ချက်တွေမြင့်နေတာ တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ မကိုက်ညီပါဘူး၊ ဝ အဖွဲ့ဟာ သူတို့ဘက်က ဘယ်တော့မှ သေနတ် မဖောက်ဘူးလို့ ကတိလည်းပေးထားပြီးသား၊ တပ်မတော်အနေနဲ့ ဒီအခြေအနေကို ထည့်ပြီးစဉ်းစားစေချင်တယ်၊ NCA လမ်းကြောင်းပေါ် သူတို့ရောက်လာဖို့ ဒီအစိုးရနဲ့တပ်မတော်တို့ ကြိုးပမ်းမှုတဆင့်တိုး လုပ်ဆောင်ပြီးတော့ NCA လမ်းကြောင်းကတဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ဝ နဲ့ မြောက်ပိုင်းအဖွဲ့တွေပါဝင်လာအောင် ဆက်လက် ကြိုးပမ်းတာက တိုင်းပြည်အတွက် ငြိမ်းချမ်းရေး အကျိုးရှိလိမ့်မယ်လို့မြင်ပါတယ်ခင်ဗျ။’’
စစ်ရေး၊ နိုင်ငံရေးလေ့လာသူ စာရေးဆရာ ဦးသန်းစိုးနိုင် က သူ့အမြင်ကို ပြောသွားတာပါ။
ဝ အဖွဲ့ဟာ သူ့ဒေသတစ်ခုလုံးကို ကာကွယ်ပေးနိုင်တဲ့ ခေတ်မီလက်နက်တွေကို တပ်ဆင်ထားနိုင်ပြီး နောက်တဆင့်အနေနဲ့ ပြည်နယ်အဖြစ် သတ်မှတ်ဖို့ တောင်းဆိုချင်နေတာဖြစ်ပါတယ်။
ဝ အဖွဲ့ဘက်က အခုလိုကြေညာချက်ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းရာမှာ အခုလိုပြောပါတယ်။
‘’ ဝ အပေါ်သဘောထားကတော့ အစိုးရရော တပ်မတော်ရော တသဘောထားတည်းရှိပါတယ်၊ အစိုးရက အဲဒီအခမ်းအနားမှာ သဝဏ်လွှာပေးပို့ခဲ့တာရှိတယ်၊ အဲဒီထဲမှာ NCA လမ်းကြောင်းကို လျှောက်လှမ်းဖို့ပေါ့၊ တပ်မတော်ဘက်ကလည်း ခဏခဏပြောနေတာ NCA လမ်းကြောင်းကို လျှောက်လှမ်းဖို့၊ တပ်မတော်အကြီး အကဲတွေက ၂၁ ရာစု ပင်လုံညီလာခံမှာရော NCA နှစ်ပတ်လည်တွေမှာလည်းပြောပြီးသားဖြစ်ပါတယ်။ NCA လမ်းကြောင်းကိုပဲ လျှောက်လှမ်းဖို့ NCA မှအပ တစ်ခြားနည်းလမ်းမရှိဘူးဖြစ်တယ်၊ ကျွန်တော်တို့ ဒီလိုမျိုးပြောရ တာလည်း NCA လမ်းကြောင်း လျှောက်လှမ်းဖို့ပြောရတာပဲဖြစ်တယ်၊ NCA ဖြစ်ပေါ်လာတာကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဦးဆောင်ရေးဆွဲခဲ့တာပဲဖြစ်တယ်၊ အဲဒီအထဲမှာလည်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ လိုလားနေတဲ့အချက်တွေ ပါပြီးသားဖြစ်ပါတယ်၊ ဒီလမ်းကြောင်းအတိုင်းလျှောက် လှမ်းတာက ထာဝရငြိမ်းချမ်းရေးအတွက် ပိုပြီးတော့ အထောက်အကူပြုလိမ့်မယ်လို့ မြင်ပါတယ်ခင်ဗျ’’
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။