Vaclav Havel အတွက် ဒေါ်အောင်ဆန်း စုကြည် ကျေးဇူးစကားပြောဆို


2013.09.15

ကွယ်လွန်သူ ချက်သမ္မတဟောင်း၊ ဒီမိုကရေစီခေါင်းဆောင် Vaclav Havel ဟာ နိုဘယ်ဆု ရွေးချယ်ရေးကော်မတီက ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် သူ့ကို စာရင်းထဲထည့်ထား တာကို ငြင်းပယ်ခဲ့ပြီး၊ သူ့အစား မိမိကိုထည့်သွင်းဖို့ အဆိုပြုခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့ပါတယ်။  

ချက်သမ္မတနိုင်ငံ ပရပ်မြို့မှာ ကျင်းပခဲ့တဲ့ ၁၇ ကြိမ်မြောက် Forum 2000 ညီလာခံမှာ ပြောကြားခဲ့တာပါ။

“အားလုံးသိကြတဲ့အတိုင်းပဲ၊ မစ္စတာ Vaclav Havel အဆိုပြုခဲ့လို့သာ ကျမ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဖြစ်ခဲ့ရတာပါ၊ ဒါဟာ လျို့ဝှက်ထားစရာ မဟုတ်ပါဘူး၊ သူသာ မူလအဆိုပြုချက်ကို လက်ခံခဲ့မယ်ဆိုရင် ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဟာ မစ္စတာ Vaclav Havel ဖြစ်သွားမှာပါ၊ စစ်အစိုးရအုပ်ချုပ်ရေးကာလအတွင်း မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံအားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရပါတယ်၊ ကျမတို့အတွက် အဆိုးရွားဆုံးအချိန်ကာလမှာ မျှော်လင့်ချက်အလင်းရောင် ထွန်းညှိပေးခဲ့တာဟာ ဘယ်လိုမှ မမေ့နိုင်စရာပါ “ လို့  ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

Forum 2000 ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် ရောက်မလာခင်မှာ အခမ်းအနားမှူး ဖြစ်သူက  “ Forum 2000 ဖြစ်မြောက်ရေးအဖွဲ့ဝင်တွေဟာ ညီလာခံကျင်းပတိုင်း ဒေါ်အောင်ဆန်းစုကြည်အတွက် ထိုင်ခုံနေရာကို အမြဲပဲ အသင့်ပြင်ဆင်ထားခဲ့ပါတယ်၊ အဲဒီထိုင်ခုံဟာ နှစ်ပေါင်းများစွာ ထိုင်သူမဲ့ဖြစ်နေခဲ့ပါတယ်၊ ဒါပေမဲ့ ဒီထိုင်ခုံရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကို ကြိုဆိုနိုင်ကြမယ့်နေ့ဟာ ရောက်ရှိလာလိမ့်မယ်လို့ အားလုံးကမျှော်လင့်နေခဲ့ကြတာပါ“ လို့  ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာတဲ့အချိန်မှာတော့ ညီလာခံတက်ရောက်လာသူအားလုံးက မတ်တပ်ရပ်ပြီး တခဲနက် သြဘာပေးကြိုဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။