ယာဉ်မှတ်ပုံတင်ဆိုင်ရာ အခကြေးငွေနှုန်း သုံးဆတက်ဖို့ လျာထားချက်ထွက်ပေါ်နေ

RFA Burmese
2023.09.12
ယာဉ်မှတ်ပုံတင်ဆိုင်ရာ အခကြေးငွေနှုန်း သုံးဆတက်ဖို့ လျာထားချက်ထွက်ပေါ်နေ ရန်ကုန်၊ ကျောက်တံတားမြို့နယ်အတွင်း ယာဉ်များသွားလာနေသည်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့က တွေ့ရစဉ်။
RFA

ယာဉ်မှတ်ပုံတင်ဆိုင်ရာ အခကြေးငွေနှုန်းထားတွေ လက်ရှိထက် သုံးဆတက်ဖို့လျာထားတဲ့ အကြောင်းကြားစာတစ်စောင် လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာပါတယ်။

အဲဒီစာဟာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်စွဲနဲ့ဖြစ်ပြီး နေပြည်တော် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးချုပ်က ညွှန်ကြားရေးမှူးဦးမျိုးကျော်အောင်ရဲ့ လက်မှတ်နဲ့ တွေ့ရပါတယ်။

လက်ရှိကောက်ခံနေတဲ့နှုန်းဟာ ခေတ်ကာလနဲ့ မညီတဲ့အပြင် အခြေခံလစာ၊ ယာဉ်အစီး ရေနဲ့ ယာဉ်တန်ဖိုးတွေ အရင်ကထက်မြင့်တက်လာတဲ့အတွက် နိုင်ငံတော်ဝင်ငွေ မဆုံးရှုံးစေ ဖို့  မှတ်ပုံတင်ဆိုင်ရာ အခငွေတွေကို ထပ်ပြီး တိုးမြှင့်ကောက်ခံသွားမှာဖြစ်တယ်လို့ ဖော်ပြ ထားတာပါ။

အရင်နှုန်းထားထက် သုံးဆခန့်တိုးမြှင့်သတ်မှတ်ဖို့ လျာထားပြီး ဒီလျာထားချက်အပေါ် သဘောထားမှတ်ချက်ပေးဖို့နဲ့ ပြင်ဆင်ဖို့ကျန်တဲ့ အခငွေကြေးရှိရင်လည်း စိစစ်ပြီး စက်တင်ဘာ ၁၃ ရက် နောက်ဆုံးထား အကြံပြု ပြန်ကြားပေးဖို့ အကြောင်းကြားစာမှာ ပါရှိပါတယ်။

အဲဒီစာနဲ့ ပတ်သက်ပြီး နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနရုံးချုပ်က ညွှန်ကြားရေးမှူး ဦးမျိုးကျော်အောင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် အစည်းအဝေးလုပ်နေတာကြောင့် တုံ့ပြန်မှုမရခဲ့ပါဘူး။

ဒါပေမဲ့ နောက်ထပ်အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးကတော့ အဲဒီအကြောင်းကြားစာ မှန်၊ မမှန်တော့ မသိရသေးပေမယ့် ဒီအကြောင်းနဲ့ပတ်သက်ပြီး ထုတ်ပြန်မှု မရှိသေးဘူးလို့ အကြောင်းပြန် ဖြေဆိုပါတယ်။

“ညွှန်မှူးတို့က အစည်းအဝေး လုပ်နေလို့ပါခင်ဗျာ။ ၃ နာရီခွဲ၊ ၄ နာရီလောက် ပြန်ဆက်သွယ်လို့ ရလားခင်ဗျ။ လျာ ထားချက်က မထုတ်ပြန်သေးပါဘူး။ ထုတ်ပြန်မှုက မရှိသေးပါဘူး။ လိုင်းပေါ် ပျံ့နေတာကလည်း မှန်၊ မမှန်တော့ မသိသေးပါဘူး။ ကျွန်တော်တို့ဆီက မထုတ်ပြန်သေးပါဘူး”

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးကျော်အောင်ကို စက်တင်ဘာလ ၁၂ ရက်၊ ဒီနေ့ညနေပိုင်း ၄ နာရီထိ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

သန်လျင်မြို့နယ်မှာ ကားလိုင်စင် သက်တမ်းတိုးအပါအဝင် ယာဉ်နဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုပေးနေတဲ့ ကိုဟိန်းမောင်မောင်ကတော့ စက်တင်ဘာလ ၁၃ ရက်နေ့ ကြေညာချက် ထွက်၊ မထွက် စောင့်ကြည့်ရမယ်လို့ RFA ကို ပြောပါတယ်။

“တိုးမယ်လို့ လျာထားချက်က မော်တော်ယာဉ်ရော၊ ဆိုင်ကယ်ရော အကုန်ပါ ခင်ဗျာ။ ကညနရုံးတစ်ခုပဲ တိုးမှာခင်ဗျ။ ကျန်တဲ့စည်ပင်သိမ်းခွန်တို့၊ ဘာတို့တော့ မတိုးလောက် ဘူးခင်ဗျ။ ယာဉ်မှတ်ပုံတင်နဲ့ ဆိုင်တာတွေ တိုးမှာပေါ့။ လောလောဆယ်တော့ ဘာမှ ထပ်မကြားသေးဘူးခင်ဗျ။ ၁၃ ရက်နေ့ပဲ သူတို့ အတည်ပြုပြီးတော့ အမိန့်ကြေညာစာ ထုတ်မယ်ထင်တာပဲခင်ဗျ”

ရန်ကုန်၊ အင်းစိန်မြို့နယ်က တက္ကစီယာဉ်မောင်းတစ်ဦးကလည်း လက်ရှိကာလ ကားစျေးတွေမြင့်တက်မှုကြောင့် အခုလိုတိုးတာဖြစ်နိုင်ပြီး တစ်နှစ်မှ တစ်ကြိမ်သာတိုးရလို့ အခက်အခဲမရှိဘူးလို့ ပြောပါတယ်။

“ပြဿနာကြီးမဖြစ်ပါဘူး။ တစ်နှစ်လုံးမှာ ကျွန်တော်တို့ဆောင်နေတာ တစ်သိန်းပေါ့။ ထားပါတော့ တစ်သိန်းဆိုရင် သုံးသိန်းဖြစ်မယ်ပေါ့။ ဒါပေမဲ့ သုံးသိန်းမဖြစ်နိုင်ဘူး။ နှစ်သိန်းလောက်ပဲ  ကညနဘက်ကပဲ တက်တာဆိုတော့။ စည်ပင်ခွန်၊ အာမခံ အဲဒါတွေက သုံးဆမတက်ဘူးလေ။ တိုးလည်း ဘာတတ်နိုင်မှာလဲ လုပ်ရမှာပဲ။ အမှန်အတိုင်း ပြောရရင် ပွဲစားတွေလုပ်လို့ ဖြစ်တဲ့ပြဿနာ။ ခံပေါ့ ဒါပဲရှိတယ်။ ကားစျေးတွေကစား၊ မြှင့်ရောင်းပြီးတော့ သူတို့လည်း အရူးမှမဟုတ်တာ ကားတစ်စီးတန်ဖိုးက ဒီလောက်ရှိတယ်။ သိန်း ခုနစ်ရာ၊ ရှစ်ရာ၊ တစ်ထောင်ရှိတယ်။ လိုင်စင်တစ်ခါဝင် တစ်သိန်းလောက်ပဲ ကုန်တယ်ဆိုတော့ ဒီလိုလုပ်တာပေါ့။ ကားတန်ကြေး မြင့်တဲ့အတွက် သူတို့ဘက်က လိုက်မြှင့်တယ် ဒါပဲ”

အကြောင်းကြားစာနဲ့ လျာထားတွက်ချက်ထားတဲ့ အထဲမှာတော့ ယာဉ်မှန်၊ မမှန်စစ်ဆေးရင် လက်ရှိကျပ် ငါးထောင်ကျသင့်တဲ့ ယာဉ်ငယ်က ကျပ် ၁၅၀၀၀၊ တစ်သောင်းကျသင့်တဲ့ ယာဉ်ကြီးက ကျပ်သုံးသောင်းနဲ့  အမည်ပြောင်းရင်တော့ လက်ရှိကျပ်ငါးထောင်ပဲရှိပေမယ့် နောက်ပိုင်းကျပ် ၁၅၀၀၀ ဖြစ်မယ်လို့ ဆိုပါတယ်။

စက်မှုဇုန်မဟုတ်တဲ့ကားတွေ အစိတ်အပိုင်းပြောင်းလဲမယ်ဆိုရင် လက်ရှိမှာ ကျပ်ငါးသိန်းဆိုပေမယ့် နောက်ပိုင်း ကျပ်ဆယ်သိန်း၊ ရက်လွန်ဒဏ်ကြေးကတော့ လက်ရှိမှာ ကောက်ခံတဲ့နှုန်းက တစ်ရက်ကိုကျပ်သုံးထောင်၊ နောက်ပိုင်း ကျပ်တစ်သောင်းထိ တိုးမြှင့်ကောက်ခံဖို့ လျာထားတယ်လို့ ဖော်ပြထားပါတယ်။

ခုနှစ်ပုံစံနဲ့ တင်အားကွဲလွဲတဲ့ယာဉ်တွေ၊ သုံးဘီးဆိုင်ကယ်တွေ မှန်ပုံတင်ရာမှာ ဂဏန်းကွဲလွဲတာ၊ ကနဦး မှတ်ပုံတင် ယာဉ်အမျိုးအစားပြောင်းလဲရာမှာလည်း ဒဏ်ကြေး သုံးဆ တိုးမြှင့်ဖို့ လျာထားတာ တွေ့ရပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။