မလေးရှားက မြန်မာတွေ အရေး ဖြေရှင်းဖို့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ထွက်ခွာ
2013.06.11
မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားတွေ အသတ်ခံနေရတဲ့ အခြေအနေတွေ အပါအဝင် မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲတွေကို ကူညီဆောင်ရွက်ပေးဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော် ခေါင်းဆောင်တဲ့ အထူးကိုယ်စားလှယ် ၄ ဦး ဒီကနေ့ ညနေလေးနာရီက မလေးရှားနိုင်ငံကို ထွက်ခွာသွားပြီလို့ သိရပါတယ်။
မြန်မာအထူးကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာအလုပ်သမားတွေရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို မလေးရှားနိုင်ငံ အစိုးရနဲ့ ဆွေးနွေးပြီး ဖြေရှင်းနိုင်ဖို့အတွက် သွားရောက်တာဖြစ်ပြီး မသွားရောက်ခင်မှာလည်း သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့သေးတယ်လို့ သိရပါတယ်။
ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူ ရုံးဌာနမှူးတစ်ဦးက RFAကို အခုလို အတည်ပြုပြောပါတယ်။
"နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်ပါ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း လည်းတစ်ဦးဖြစ်ပါတယ်၊ အားလုံးသွားမှာ လေးဦးပါ၊ မလေးရှားလေကြောင်းလိုင်းနဲ့ သွားမှာပါ၊ အကြမ်းဖျင်းကတော့ ကူညီဆောင်ရွက်ပေးလို့ရမယ့် ကိစ္စတွေအားလုံးဆောင်ရွက်ပေးဖို့ သွားခြင်းဖြစ်ပါတယ်၊ ဟိုရောက်တဲ့အခြေအနေပေါ်မူတည်ပြီးတော့ သံအမတ်ကြီးတို့ရော ဒီကဒုတိယနိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင်ပါတာဆိုတော့ တွေ့ဆုံဆွေးနွေးပြီးမှ ဆောင်ရွက်ပေးရမယ့်ကိစ္စတွေကို လက်ရှိဖြစ်တဲ့အခြေအနေပေါ်မူတည်ပြီး ဆောင်ရွက်မှာပါ "
လက်ရှိမှာ မလေးရှားနိုင်ငံမှာ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေ အပါအဝင် သက်တမ်းရက်ကျော်နေထိုင်သူ မြန်မာအလုပ်သမားတွေရဲ့ အဖမ်းခံနေရမှု အခြေအနေတွေ၊ မြန်မာနိုင်ငံကို ပြန်လာချင်ကြတဲ့ မြန်မာအလုပ်သမားတွေရဲ့ အခြေအနေတွေနဲ့ လုံခြုံရေးအခြေအနေတွေကို ဖြေရှင်းနိုင်ဖို့အတွက် အထူးကိုယ်စားလှယ်အဖွဲ့အနေနဲ့ ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
မေလ ၃ဝ ရက်နေ့ကတည်းကစလို့ မလေးရှားနိုင်ငံတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်သတ်ဖြတ်ခံရမှုတွေကြောင့် ဒီနေ့အထိ မြန်မာနိုင်ငံသား အနည်းဆုံး ၆ ဦး သေဆုံးမှုရှိတယ်လို့လည်း သိရပါတယ်။
ဒီအတောအတွင်း မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ မြန်မာနိုင်ငံသား ၁ ထောင်ကျော်ထဲက အယောက် ၃ဝဝ ကျော်မှာ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ဒုက္ခသည် အသိအမှတ်ပြု ကတ်ပြားအတုတွေ ဘယ်လိုရရှိထားသလဲဆိုတာ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
စာရွက်စာတမ်းအတုတွေ ဘယ်ကရရှိသလဲဆိုတာ သိရဖို့အတွက် ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ဆေးမေးမြန်းနေတယ်လို့ ကွာလာလာမ်ပူမြို့တော် လူဝင်မှုကြီးကြပ်ရေးဌာန အကြီးအကဲက ဒီကနေ့ ပြောကြားလိုက်တာပါ။
စာရွက်စာတမ်းအတုပြုလုပ်မှု တွေမှာ ဘယ်သူတွေပါဝင်ပတ်သက်နေသလဲဆိုတာ သိရအောင် ဆောင်ရွက် နေပါတယ်။ တွေ့ရှိ ချက်တွေကို တရားသူကြီးချုပ်ထံ သီတင်းနှစ်ပတ်အတွင်း တင်ပြမှာ ဖြစ်ပြီး ရာဇဝတ်မှု နဲ့ အရေးယူဆောင်ရွက်မှု တွေ ပြုလုပ် သွားမယ်လို့ အဲဒီ အရာရှိက ပြောပါတယ်။
မလေးရှားနိုင်ငံမှာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေနဲ့ မြန်မာ မွတ်ဆလင်တွေအကြား တိုက်ခိုက်မှု တွေ ဖြစ်ပွားခဲ့တဲ့ အတွက် မလေးရှားအစိုးရက မြန်မာလူမျိုး ၁ဝဝဝ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရာမှာ ၁၉၆ ဦးမှာ တရားဝင် နေထိုင်ခွင့်အထောက်အထား ခိုင်ခိုင်လုံလုံ မရှိကြောင်း တွေ့ရသလို၊ ၅၇ ဦးမှာ မလေးရှား UNHCR ဒုက္ခသည်ကတ်ပြား အတုတွေ ကိုင်ဆောင်ထား တာ တွေ့ရတယ်လို့ ဆိုပါတယ်။
မလေးရှားရောက် မြန်မာနိုင်ငံသားတွေ ကြုံတွေ့နေရတဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ RFA အဖွဲ့သူ ဒေါ်ခင်ခင်အိရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။