ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဇီးကုန်းကနေ ဝင်ရောက် ယှဉ်ပြိုင်မည်


2015.08.15
nyantun-620 နိုင်ငံတော်ဒုတိယသမ္မတ ဦးဉာဏ်ထွန်းဟာ သြဂုတ်လ ၁၅ ရက်နေ့က ပဲခူးတိုင်းဒေသကြီး သယာဝတီခရိုင်အတွင်းရှိ ရေဘေး သင့်ပြည်သူတွေနဲ့ တွေ့ဆုံခဲ့စဉ်
Photo: myanmarpresidentoffice website

လာမယ့်ရွေးကောက်ပွဲမှာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတစ်ဆင့် ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် စာရင်းပေးသွင်းထားပြီးဖြစ်ကြောင်း သာယာဝတီခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးရဲမြင့်က ပြောပါတယ်။

"မနေ့တုန်းကလေ ဒုသမ္မတကြီး ဦးဉာဏ်ထွန်း သူကိုယ်တိုင် လာပြီးတော့တင်သွားပါတယ်၊ ဇီးကုန်းမြို့ နယ် ပြည်သူ့လွှတ်တော်ကနေပြီးတော့ ပြိုင်တာပါ၊ ဇီးကုန်းမြို့နယ် ပြည်သူ့လွှတ်တော်မှာဆိုလို့ရင် အားလုံးပေါင်းလူ ၆ ယောက်ပေါ့နော် အခုတင်ထားပါတယ်၊ သူတို့ ပါတီ ၆ ခုကနေပြီးတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ၁ ယောက် ဦးသူရိန်ရွှေပေါ့နော်၊ နောက်တစ်သီးပုဂ္ဂလက ဦးမြင့်အောင် ၊ နောက်တစ်ခါ အမျိုးသားတိုးတက်ရေးပါတီက ဦးခင်မောင်ဝင်း၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဒေါ်အေးအေးငြိမ်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးထက်နိုင်ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဉာဏ်ထွန်း ဒုသမ္မတကြီး တင်ထားပါတယ်"

ကာကွယ်ရေးဝန်ကြီးဌာန အထူးစစ်ဆင်ရေးအမှတ် (၂) တပ်ဖွဲ့မှူးကြီး ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်ဟာ ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ကနေ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားကြောင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးနှစ်ဆန်းဦးက ပြောပါတယ်။

"တင်သွင်းထားပါတယ် ကျနော်တို့ လောက်ကိုင်ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)ပါခင်ဗျာ ၊ လောက်ကိုင်မှာ ကျနော်တို့ အမျိုးသားလွှတ်တော် ၂ ယောက် ရှိပါတယ်ခင်ဗျာ၊ ပြည်သူ့လွှတ်တော်က ၄ ယောက်ရှိတယ်၊ လောက်ကိုင် ၂ ယောက်၊ ကုန်ကြမ်း ၂ ယောက် တစ်မြို့နယ် ၂ ယောက်နဲ့ နောက်ပြည်နယ် လွှတ်တော်က ၄ ယောက် တစ်မြို့နယ်ကို ၄ ယောက်စီနဲ့ ၈ ယောက်ပါခင်ဗျ၊ ဗိုလ်မှူးကြီး ဝေဆန်းဆိုတာ အရင် ကျနော်တို့ နယ်ခြားစောင့်တပ် ဂုဏ်ထူးဆောင်ဗိုလ်မှူးကြီးပေါ့၊ အခုဆို သူ့ကိုအငြိမ်းစားပေးပြီး သူလည်းပဲ အမည်စာရင်းတင်သွင်းပါတယ်၊ သူကတော့ ကုန်းကြမ်းမဲဆန္ဒနယ်ကပါ"

ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်ဟာ တပ်မတော်ကနေ အငြိမ်းစားယူပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ စစ်အုပ်ချုပ်ရေး အမိန့် ကြေညာထားတဲ့ လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့နယ် နှစ်ခုမှာ အခြေခံမဲဆန္ဒရှင်စာရင်းတွေ ကောက် ယူနေပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီကနေ ကိုယ်စားလှယ်လောင်း ၁၁၄၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အဲ့ဒီထဲမှာ တပ်မတော်က အငြိမ်းစားယူထားတဲ့ ဗိုလ်ချုပ်ကြီးတွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးတွေလည်း ပါဝင်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။