ဒုတိယ သမ္မတ အရည်အချင်း စိစစ်မယ့်အဖွဲ့

ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စု လွှတ်တော် နာယကရဲ့ အကြောင်းကြားချက်အရ လစ်လပ်နေတဲ့ ဒုတိယ သမ္မတ နေရာအတွက် တပ်မတော်သား ကိုယ်စားလှယ် အဖွဲ့က အမည်စာရင်း တင်သွင်း ထားတဲ့ပုဂ္ဂိုလ်ကို အရည်အချင်း စိစစ်ဖို့အတွက် "နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတ အရည်အချင်း ပြည့်မီမှု ရှိမရှိ စိစစ်ရေးအဖွဲ့" ကိုဖွဲ့စည်းလိုက်ကြောင်း သိရပါတယ်။

2012.07.12
u-htay-oo-0712-b305 ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်က လွှတ်တော်တက်ရောက် လာသော ဟင်္သာတ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး သတင်းထောက်များနဲ့ တွေ့ဆုံစဉ်။
Photo: RFA

ဒီအဖွဲ့က တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အဖွဲ့မှ ရွေးချယ် တင်မြှောက်ထားသူဟာ အရည်အချင်းနှင့် ပြည့်စုံခြင်း ရှိမရှိ စိစစ်ပေးရမယ်လို့ဆိုပါတယ်။ ဒီအဖွဲ့မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ တို့အပြင် အခြားအဖွဲ့ဝင် ကိုယ်စားလှယ် ၃ ဦး ပါဝင်မယ်လို့ သိရပါတယ်။

အဖွဲ့ဝင်အဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ထဲက ဟင်္သာတ မဲဆန္ဒနယ်မှ ဦးဌေးဦး (ပြည်ခိုင်ဖြိုးပါတီ/အထွေထွေအတွင်းရေးမှူး) ကို ထည့်သွင်း ရွေးချယ်လိုက်ကြောင်း သိရပါတယ်။

ဒီအတောအတွင်း ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်ကို ရန်ကုန်တိုင်း ဒေသကြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အဖြစ် ခန့်အပ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင်လ ၁၁ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်ဟာ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန စစ်ထောက်ချုပ် အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရပါတယ်။

ဒုတိယ သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခြင်းခံထားရတဲ့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေရဲ့ နေရာမှာ ၎င်းအား အစားထိုး ခန့်အပ်ဖွယ် ရှိတယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။