တိုးတက်ရေးဟာ ငြိမ်းချမ်းရေး အပေါ်မှာ မူတည်ကြောင်း ဒေါက်တာ စိုင်းမောက်ခမ်း မဲဆွယ်
2015.09.13

မြန်မာနိုင်ငံရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရအကြား ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ်မှာ မူတည်နေတယ်လို့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောလိုက်ပါတယ်။
လားရှိုးမြို့အမှတ် ၉ ရပ်ကွက်မှာ မနေ့က ပြုလုပ်တဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ဟောပြောပွဲ မှာ ဒေါက်တာစိုင်းမောက်ခမ်းက ပြောလိုက်တာဖြစ်ပါတယ်။
အခုရက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေ ရပ်တန့်နိုင်ဖို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီမှာ ဦးဆောင်ပါဝင်နေတဲ့ ဒုသမ္မတအနေနဲ့ ဘယ်လိုဆောင်ရွက်ပေးနိုင် မလဲဆိုတဲ့ အငြိမ်းစားရဲမှူးတစ်ဦးရဲ့ မေးခွန်းကိုဖြေကြားရာမှာ ဒုသမ္မတက ဖြေကြားသွားတာပါ။
ဒါ့အပြင် ဒေသခံတစ်ဦးက လားရှိုးမြို့အတွင်းမှာ ဗိုလ်ချုပ်နှစ်တစ်ရာပြည့် အထိမ်းအမှတ်အမီ ဗိုလ်ချုပ်ကြေးရုပ်ကို လွတ်လပ်ရေးကျောက်တိုင် ပန်းခြံမှာထားရှိဖို့ဆောင်ရွက်နေရာမှာ အခုချိန်ထိ ဌာနဆိုင်ရာတွေက ခွင့်ပြုချက် မပေးသေးတာနဲ့ပတ်သက်ပြီး မေးမြန်းတာကိုတော့ ရွေးကောက်ပွဲပြီးမှသာ ဆက်လက်ညှိနှိုင်း ဆောင်ရွက်ပေး မယ်လို့ ပြောကြားသွားပါတယ်။
ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းဟာ လားရှိုးမြို့ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး စက်တင်ဘာလ ၈ ရက်နေ့က စတင်ကာ လားရှိုးမြို့ပေါ် ရပ်ကွက်တွေမှာ တစ်ရက်ကို လေးနေရာ လိုက်လံဟောပြော စည်းရုံးနေတာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ ၁၆ ခုရှိပြီး တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေလည်း ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။