ရခိုင်ရေဘေး ဒု သမ္မတ သွားရောက်ကူညီ
2016.07.15

နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဟာ မကြာသေးခင်က ရေလွှမ်းမိုးမှုဒဏ်ကြုံခဲ့ရတဲ့ ရခိုင် ပြည်နယ် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်တွေကို ဒီနေ့သွားရောက်ပြီး ရေဘေးသင့်ဒေသခံ တွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။
ရေဘေးသင့်ပြည်သူတွေအတွက် အကူအညီပေးဖို့ လာရောက်တာဖြစ်ပြီး မနက်ဖြန် အမ်းနဲ့ သံတွဲမြို့နယ်တွေ က ရေဘေးသင့်ပြည်သူတွေအတွက် အကူအညီတွေပေးဖို့သွားရောက်မှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ၊ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြောပါတယ်။
ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ရေဘေးသင့်ပြည်သူတွေအတွက် ငွေကျပ် သိန်း ၃၆ဝ နဲ့ ဆိုင်ကလုန်း Shelter ၆ လုံး ဆောက်လုပ်ဖို့အတွက် ငွေကျပ် သိန်း ၆ဝဝဝ ကို လှူဒါန်းခဲ့ပါတယ်။
ဒါ့အပြင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ပေါက်တောမြို့နယ်မှာရှိတဲ့ မွတ်စလင်စခန်းတွေမှာ သောက်သုံးရေရရှိရေးဆောင်ရွက်ဖို့ ငွေကျပ် သိန်း ၄၃ဝ ကျော်ကို လှူဒါန်းခဲ့ပါတယ်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဟာ ဒီနေ့ညနေပိုင်းက စစ်တွေမြို့ အောင်မင်္ဂလာ မွတ်စလင် ရပ်ကွက်ကို သွားရောက်လေ့လာခဲ့သလို မင်းဂံရပ်ကွက်မှာရှိတဲ့ ရခိုင်ဒုက္ခသည်စခန်းကိုလည်း သွားရောက်ခဲ့ပါတယ်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဟာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူထားတာဖြစ်ပါတယ်။