ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအမတ်များသာ ဒုတိယသမတ သုံးဦး ဖြစ်လာ

ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်မှာ ကျင်းပတဲ့ စစ်အစိုးရ လွှတ်တော် တတိယနေ့မှာ ဒုတိယ သမတ ၃ ဦးကို ရွေးချယ်လိုက်ပါတယ်။

2011.02.03
asean_thein_sein_wen_jiabao_305_z ဗီယက်နမ်နိုင်ငံတွင် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က ပြုလုပ်သည့် ၁၃ ကြိမ်မြောက် အာစီယံ နှင့် အာရှသုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန် (ယာ) နှင့် တရုတ်ဝန်ကြီးချုပ် Wen Jiabao (ဝဲ) တို့တက်ရောက်နေစဉ်။ (Photo: AFP)
(Photo: AFP)

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအမတ်တွေ ဖြစ်တဲ့ စစ်အစိုးရ လက်ရှိ ဝန်ကြီးချုပ် ဦးသိန်းစိန်၊ ဒေါက်တာ စိုင်မောက်ခမ်း နဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ ဒုတိယသမတတွေ ဖြစ်လာကြတာပါ။

အောက်လွှတ်တော်လို့ ခေါ်တဲ့ ပြည်သူ့လွှတ်တော်မှာ ဒုတိယ သမတလောင်း ၂ ဦး ရှိတဲ့အနက် ဒီကနေ့ မဲခွဲရာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအမတ် ဝန်ကြီးချုပ် ဦးသိန်းစိန်က ဖလုံစဝေါ်ပါတီက ကရင်အမတ် ဦးစောသိန်းအောင်ကို အနိုင်ရသွားပါတယ်။

အထက်လွှတ်တော်လို့ ခေါ်တဲ့ အမျိုးသားလွှတ်တော်မှာ၊ ကြံခိုင်ဖွံ့ဖြိုးရေးပါတီအမတ် ဒေါက်တာ စိုင်းမောက်ခမ်းက ရခိုင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီက ဒုတိယ သမတလောင်း ဒေါက်တာ အေးမောင်ကို အနိုင်ရတာ ဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်က တင်သွင်းတဲ့ တပ်မတော်သား အစုအဖွဲ့ကတော့ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ တင်အောင်မြင့်ဦးလို့ သတင်းရရှိပါတယ်၊

ဒီကနေ့ ဒုတိယ သမတလောင်း ရွေးချယ်ခဲ့တာနဲ့ပတ်သက်ပြီး NDF လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက RFA ကို အခုလို ပြောပြပါတယ်။

“ကျွန်တော်တို့ ပြည်သူ့လွှတ်တော်က ဦးသိန်းစိန်ပေါ့။ ဦးသိန်းစိန်က ၂၇၆ မဲ ရတယ်။ ဦးစောသိန်းအောင်က ၃၈ မဲ ရတယ်။ အမျိုးသား လွှတ်တော်ကတော့ ဒေါက်တာ စိုင်းမောက်ခမ်း ရတယ်။ နော် အဲဒီတော့ကျတော့ မနက်ဖြန်ကျမှ ကျွန်တော်တို့ ပြည်ထောင်စု လွှတ်တော် သမတ ရွေးချယ်ပွဲ ဆက်ကျင်းပမယ်။”

မနက်ဖြန် မနက် ၁၀ နာရီမှာ ပြည်ထောင်စု လွှတ်တော်ခေါ်ထားပြီး ဒီကနေ့ ရွေးချယ်ထားတဲ့ ဒုတိယ သမတ သုံးဦးထဲက တဦးကို သမတအဖြစ် ရွေးချယ်မှာ ဖြစ်ပါတယ်။

လောလောဆယ် ထွက်ပေါ်နေတဲ့ သတင်းတွေအရကတော့ လက်ရှိ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် သမတ ဖြစ်လာမယ်လို့ ခန့်မှန်းနေကြပါတယ်။

ဒုတိယသမတ ရွေးချယ်တာနဲ့ ပတ်သက်ပြီး လွှတ်တော် တက်ရောက်နေတဲ့ NDF ပါတီ အမတ် ဦးစိုးဝင်းကို RFA မှ ဦးဇော်မိုးကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။