မိုင်းယော်သတ်ဖြတ်မှု မိဘတွေ အမှုဖွင့်


2016.07.05
lashio-corpse-620.jpg ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ကျေးရွာအဝင်မှာ ဇွန်လ ၃ဝ ရက်နေ့က တွေ့ရှိခဲ့တဲ့ လူသေအလောင်းတစ်လောင်းကို မြင်ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအနီးမှာ တူးဖော်တေ့ွရှိတဲ့ အလောင်း ၇လောင်းထဲက ညီအကိုနှစ်ဦးရဲ့ မိဘတွေက လားရှိုးမြို့နယ် အမှတ် ၁ ရဲစခန်းမှာ မနေ့က အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။

အဲ့ဒီနှစ်ဦးဟာ လားရှိုးမြို့နယ် အီနိုင်းကျေးရွာကဖြစ်ပြီး ရဲစခန်းက လူပျောက်မှုနဲ့ လက်ခံထားတယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် ၃ က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်းခမ်း က ပြောပါတယ်။

နော်တင့်နဲ့ စိုင်းလ ဆိုတဲ့ ညီအကိုနှစ်ဦးဟာ မိုင်းယော်ရွာ နဲ့ မိုင် ၃၀ လောက်ဝေးတဲ့ အီနိုင်းရွာကဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၅ရက်နေ့က မိုင်းယော်ရွာကို သွားစဉ်မှာ အသတ်ခံလိုက်ရတာဖြစ်တယ်လို့ ဦးစိုင်းဝမ်းလှိုင်းခမ်း က ပြောပါတယ်။

"စခန်းမှူးနဲ့တွေ့တယ်၊ စခန်းမှူးကတော့ သက်ဆိုင်ရာခရိုင်မှူးတွေကို တင်ပြပေးမယ်လို့ ပြောတယ်၊ အဲ့ဒါနဲ့ ကျနော်တို့လည်း ပြန်လာခဲ့ကြတယ်၊ လမ်းရောက်တော့ ခရိုင်မှူးကနေပြီးတော့ လူပျောက် တိုင်ကြားမှုနဲ့ အမှုဖွင့်လိုက်ပါဆိုတော့  မိသားစုဓါတ်ပုံနဲ့တကွ သွားပြီးတော့ လူပျောက်တိုင်ကြားမှု ဆိုပြီးတော့ ဆောင်ရွက်ထားတာရှိပါတယ်"

ပြီးခဲ့တဲ့ ဇွန်လ ၃၀ရက်နေ့က မိုင်းယော်ရွာအနီး ပြောင်းဖူးခင်းမှာ လူသေအလောင်း ၇ခုကို ရှာဖွေတေ့ွရှိထား တာဖြစ်ပြီး သေဆုံးသူတွေဟာ ပြောင်းဖူးခြံအလုပ်သမားတွေနဲ့ ဒေသခံတွေဖြစ်နေတယ်လို့ ပြောပါတယ်။

အစိုးရတပ်မတော်ပိုင် မြဝတီသတင်းစာမှာ ပြီးခဲ့တဲ့ဇူလိုင် ၂ရက်နေ့က အစိုးရတပ်မတော်နဲ့ TNLA တအာင်းတပ်မတော်တို့ မိုင်းယော်ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးသူ ၇ ဦး အလောင်းကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း နဲ့ လူမှုကွန်ရက်မှာ သတင်းထွက်ပေါ်နေတဲ့ လူသေအလောင်း ၇ခု အမှုကို အမှုမှန်ပေါ်ပေါက်အောင် စုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန် ခဲ့ပါတယ်။

TNLA ဘက်က သတင်းထုတ်ပြန်ရာမှာတော့ TNLA နဲ့ အစိုးရတပ်မတော်တို့ မိုင်းယော်ဘက်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်းနဲ့ သေဆုံးသူ ၇ ဦးဟာ ဒေသခံတွေဖြစ်ပြီး အစိုးရတပ်မတော်ရဲ့ ဖမ်းဆီးခံထားရ သူတွေဖြစ်ကြောင်း ကြေညာချက်ထုတ်ခဲ့ပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။