ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေး အမြင်မတူညီမှုတွေရှိနေ

နေမျိုးထွန်း
2020.03.29

ရန်ကုန်မြို့ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပြန့်ပွားတာမရှိအောင် အသွားအလာ ပိတ်ပင်ကန့်သတ်ဖို့  (Lock Down ဖို့) ပြောဆိုဝေဖန်မှုတွေ ရှိနေသလို အခြေခံလူတန်းစားတွေကတော့ အဲဒီလို ပိတ်ပင်မယ့်အပေါ် စိုးရိမ်မှုတွေ ရှိနေပါတယ်။

အဲဒီလို အသွားအလာပိတ်ပင် ကန့်သတ်တာဟာ ဗိုင်းရပ်စ်ကူးစက်ပြန်ပွားမှု ထိန်းချုပ်ဖို့ အဖြေမဟုတ်ဘူးလို့ ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ နှစ်ဦးကို မတ်လ ၂၃ ရက်နေ့က စတင်တွေ့ရှိခဲ့ပြီးနောက် လေးရက်အကြာ မတ်လ ၂၇ နေ့မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ရှစ်ဦးအထိ ရှိလာတာပါ။

လူနေထူထပ်တဲ့ ရန်ကုန်မြို့မှာ ငါးဦးအထိ ကူးစက်ခံထားရလို့ ဝေဘာဂီဆေးရုံမှာ စောင့်ကြည့်ကုသပေးနေပြီး အဲဒီအထဲက အသက် ၆၀ အရွယ် နိုင်ငံခြားဧည့်လမ်းညွှန် အမျိုးသမီးဟာ ပြည်ပနိုင်ငံတွေကို သွားရောက်ခဲ့တာ မရှိဘဲ ကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် တိုးလာတာကြောင့် ရန်ကုန်မြို့ကို အသွားအလာ ကန့်သတ်တာတွေ လုပ်သင့်ပြီလို့ ပြောဆိုသံတွေ ထွက်ပေါ်လာပါတယ်။

“အီတလီနိုင်ငံကိုပဲ ကြည့်ကြည့်၊ တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံကိုပဲ ကြည့်ကြည့် အဲဒါကိုဆက်မထိန်းနိုင် ရင်  နှစ်ပတ်၊ သုံးပတ်အတွင်းမှာပဲ ထောင်ချီသွားတယ်ပေါ့။ Lock Down ကတော့ မြန်မြန်ချနိုင်လေ ရောဂါ ကူးစက်မှုကို ထိန်းချုပ်ထားလေပေါ့။ စီးပွားရေးလည်း မြန်မြန်ပြန်နလံထူဖို့ လွယ်တာပေါ့။ တစ်ဘက်မှာလည်း ဒါကိုလုပ်ဖို့ အစိုးရအနေနဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး အခက်အခဲတွေ ရှိနေပုံရတယ်ပေါ့နော်။ ဒါ့ကြောင့် သက်ဆိုင်ရာ ဒေသရပ်ရွာအဖွဲ့တွေက ဦးဆောင်ပြီး Volunteer Lock Down လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။”

ဒါကတော့ စိမ်းလန်းအမိမြေအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူ ပြောကြားခဲ့တာပါ။

ရန်ကုန်မြို့မှာနေထိုင်တဲ့ ကိုထွန်းနိုင်ကတော့ အဲဒီလို အသွားအလာ ပိတ်ပင်ကန့်သတ်မှုတွေ ရှိလာမယ့်အပေါ်  စိုးရိမ်မှုတွေရှိနေပါတယ်။

“တကယ်လို့ အဲဒီလို အလုပ်တွေပိတ်၊ အသွားအလာတွေ ပိတ်လိုက်မယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ တချို့က မရှိရှိတာ၊ မရ ရတာလုပ်လာတော့မှာလေ။ သူခိုးကလည်း သူခိုးအလုပ် ခိုးမှာပဲ ဒါမျိုးတွေပဲလေ။ အုပ်ချုပ်ရေးပိုင်းကလည်း သူတို့က ဒီရောဂါနဲ့ပတ်သက်လို့ ထိထိရောက်ရောက် အထက်က အမိန့်အတိုင်းပဲ သွားလာခွင့်ပိတ်မယ်ဆိုရင် သူတို့ကတော့ ပိတ်လိုက်မှာပဲ။”

ရန်ကုန်မြို့ကို အသွားအလာ ပိတ်ပင်တားဆီးတာတွေရှိလာရင် စားသောက်ရေး အခက်အခဲဖြစ်သွားနိုင်သူတွေကို ကူညီဖို့ အစိုးရအနေနဲ့ ကြိုတင်စီစဉ်ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိအနေအထားအရ ပြည်သူတွေကို ဘာတွေ ဘယ်လိုပေးမယ်ဆိုကိုတာ တိတိကျကျပြောဖို့ ခက်တယ်လို့ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်လဲ့လဲ့အေးက ပြောပါတယ်။

“အဲလို Lock Down ချမယ်ဆိုရင်လည်း သက်ဆိုင်ရာ မြို့နယ်တွေအလိုက် သဘာဝဘေး စီမံခန့်ခွဲမှုအရ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေရှိပါတယ်။ လက်ရှိမှာတော့ ဘယ်နေရာတွေဖြစ်ရင်တော့ ကျွန်မတို့က ဘယ်ပြည်သူကို ဘာတွေ ဘယ်လောက်ပေးလိုက်မယ်ဆိုတာ အတိအကျကြီးပြောဖို့ ခဲယင်းပါတယ်။”

ပိတ်ပင်တားဆီးတာတွေလုပ်ခံရတဲ့ မြို့ရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး သက်ဆိုင်ရာဒေသအစိုးရနဲ့ လူမှုရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေ ပူးပေါင်းလုပ်ဆောင်သွားမယ် လို့လည်း ဒေါ်လဲ့လဲ့အေးက ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခင်ခင်ကြီးကတော့ အသွားအလာ ပိတ်ပင် ကန့်သတ် Lock Down လုပ်တာတစ်ခုတည်းနဲ့ ကူးစက်မှုထိန်းချုပ်နိုင်ဖို့ အဖြေမဟုတ်ဘူးလို့ ပြောပါတယ်။

“Lock Down လုပ်တယ်ဆိုရင် အကျိုးတွေ၊ အပြစ်တွေကို ချင့်ချိန်ရပါတယ်။ ဒီလိုလုပ်တာဟာ ဘယ်လို အကျိုးကျေးဇူးရှိလဲ၊ မလုပ်ရင် ဘယ်လိုဆိုးကျိုးတွေရှိမယ် ဒါမျိုးတွေကို ကျွန်မတို့ ဝန်ကြီးဌာနရော၊ သက်ဆိုင်ရာ အစိုးရအဖွဲ့ကရော အကုန်လုံး စဉ်းစားချင့်ချိန်ပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ Lock Down တစ်ခုတည်းက ရောဂါကူးစက်ပြန့်ပွားမှုကို ရပ်တန့်နိုင်တယ်လို့ ဘယ်သူကမှ မပြောသလို WHO ကလည်း မပြောထားပါဘူး။ လူစုလူဝေးမလုပ်ဖို့နဲ့ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေကို ပြည်သူလူထုက တိတိကျကျ လိုက်နာရမှာ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ အခြေအနေပေါ် မူတည်ပြီး နိုင်ငံတော်အစိုးရနဲ့ သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနက လိုအပ်တာတွေကို လုပ်ဆောင်နေပါတယ်။”

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ ညပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စောင့်ကြည့်လူနာ ၃၇၀ ဦး၊ သံသယလူနာ နှစ်ဦးနဲ့ ပိုးတွေ့ရှိသူ ရှစ်ဦးအထိရှိပါတယ်။ မနေ့ကတော့ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ အသစ်မတွေ့ရကြောင်း အစိုးရက ထုတ်ပြန်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံကို လာရောက်မယ့် နိုင်ငံခြားသား တွေကို ဗီဇာထုတ်ပေးတာ ယာယီရပ်ဆိုင်းလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ဇန်နဝါရီ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။