နိုင်ငံပိုင်ရုပ်သံမှာ မဲဆွယ်ခွင့် ကန့်သတ်မှုကို HRW ဝေဖန်


2020.08.18

နိုင်ငံပိုင်ရုပ်မြင်သံကြားနဲ့ ရေဒီယိုအစီအစဉ်တွေကနေ နိုင်ငံရေးပါတီတွေကို မဲဆွယ်စည်းရုံးခွင့် ပေးပေမယ့် ရွေးကောက်ပွဲကော်မရှင်က ကန့်သတ်ထိန်းချုပ်နေတဲ့ နိုင်ငံပိုင်ရုပ်သံတွေ အသုံးပြုမှုဆိုင်ရာ စည်းကမ်းတင်း ကျပ်ထားမှုကို ဖြည့်စွက်ပြင်ဆင်သင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က  တိုက်တွန်းထား ပါတယ်။

နိုင်ငံရေးပါတီ အတော်များများကလည်း လွတ်လပ်စွာဟောပြောခွင့် ပြုသင့်တယ်လို့ ထောက်ပြကြပါတယ်။

နိုင်ငံရေးပါတီတွေဟာ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးဖို့ မိမိတို့ပါတီရဲ့ မူဝါဒသဘောထား၊ လုပ်ငန်းစဉ် စတာတွေကို စက်တင်ဘာ ၈ ရက်နေ့ကနေ နိုဝင်ဘာ ၆ ရက်နေ့အထိ နိုင်ငံပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေကတဆင့် ဟောပြောခွင့် ပြုထားပါတယ်။

ဒါပေမဲ့ နိုင်ငံရေးပါတီအားလုံး ပြောကြားမယ့် မိန့်ခွန်းတွေဟာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ခွင့်ပြုချက်ကို ကြိုတင်ရယူရမယ်ဆိုတဲ့  ကန့်သတ်ချက်ကို နယူးယောက်အခြေစိုက် HRW က သြဂုတ် ၁၄ ရက်နေ့က ကြေညာချက်ထုတ်ပြီး ဝေဖန်ထားပါတယ်။

နိုင်ငံရေးပါတီ အများအပြားကလည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ကန့်ကွက်ကြပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ပြည်သူ့ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျာက လွတ်လပ်စွာ ပြောဆိုခွင့်က အရေးကြီးတယ်လို့ ထောက်ပြပါတယ်။

“၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကန့်သတ်ချက်တွေ တင်းကျပ်မှုတွေဟာ မမျှတမှုတွေ၊ ပွင့်လင်းမြင်သာမှု မရှိမှုတွေအပေါ်မှာလည်း ကျွန်တော်တို့ ပါတီအပါအဝင် ပါတီတော်တော် များများကလည်း ဒါတွေကို ထောက်ပြနေတာတွေ ရှိပါတယ်။ နိုင်ငံရေးပါတီတွေ အားလုံးရဲ့ တန်းတူအခွင့် အရေးနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်အပေါ်မှာ ကော်မရှင်ရဲ့ တချို့သော ကန့်သတ်ချက်တွေဟာ ပါတီစုံဒီမို ကရေစီ သဘောတရားအရရော၊ နိုင်ငံရေးပါတီတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်မူအရရောဆိုရင် ဒီအပေါ်မှာ အလေးအနက်ထားပြီးတော့ ပုဂ္ဂိုလ်မရွေး၊ အဖွဲ့အစည်းမရွေး မျှမျှတတလုပ်ဆောင်ဖို့ တိုက်တွန်းနေပါတယ်“

HRW ရဲ့ အာရှဆိုင်ရာ ဥပဒေအကြံပေးက ကော်မရှင်ရဲ့ ကန့်သတ်မှုဟာ ပြိုင်ဘက်အတိုက်အခံ နိုင်ငံရေးပါတီတွေ  အစိုးရနဲ့ စစ်တပ်ကို မဆန့်ကျင်၊ မဝေဖန်နိုင်အောင် ခြေထောက်ရိုက်ချိုးထားတာနဲ့ တူကြောင်း၊ တရားမျှတတဲ့ ယှဉ်ပြိုင်မှုကို အကြီးအကျယ် အနှောင့်အယှက်ဖြစ်စေတယ်လို့ ဝေဖန်ထားပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကလည်း အလားတူ ရှုမြင်ပါတယ်။

“သက်ဆိုင်ရာ အဖွဲ့အစည်းက ကန့်သတ်မှုတွေ များလေလေ အနိုင်ရအဖွဲ့ကို ယှဉ်ပြိုင်နေရတဲ့ အခြားသော နိုင်ငံရေးပါတီတွေအနေနဲ့ ချုပ်နှောင်မှု ပိုပြီးတော့ ခံရေလေလေပဲ။ သက်ဆိုင်ရာ အနိုင်ရအဖွဲ့က အစိုးရအဖွဲ့ အခုဆိုရင် သူတို့ မဲဆွယ်ခွင့်တွေရထားပြီး ပြောင်ပြောင်တင်းတင်း မဲဆွယ်နေကြတဲ့အခြေအနေ သူတို့ကတော့ အစိုးရရဲ့ လုပ်ပိုင်ခွင့် အာဏာအပေါ်မှာ အခြေခံပြီး လုပ်ခွင့်ရှိပေမယ့် ကျန်သောနိုင်ငံရေးပါတီတွေအနေနဲ့ ကတော့ လုပ်ခွင့်မရှိဘူး။ ဒါမျိုးကို ကြည့်ခြင်းအားဖြင့် ပြိုင်ဖက်တွေကို ကြိုးချည်ထားပြီး ယှဉ်ပြိုင်နေသလို ဖြစ်သလို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုတာ အင်မတန်ခဲယဉ်းတယ်“

မဲပေးမဲ့ မဲဆန္ဒရှင်တွေဟာ သတင်းအချက်အလက် သိပိုင်ခွင့် အပြည့်အဝရှိမှသာ ဘယ်ပါတီကို ဘယ်လိုရွေးချယ် မယ်ဆိုတာ ဆုံးဖြတ်နိုင်မှာဖြစ်တယ်လို့ HRW က ဆိုထားပါတယ်။

ဒီအချက်ကြောင့် နိုင်ငံရေးပါတီအားလုံး ညီတူညီမျှ နိုင်ငံတော်ပိုင် ရုပ်သံလိုင်းကို အသုံးပြုခွင့်ရရေးဟာ အင်မတန် အရေးကြီးတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေ လိုက်နာကျင့်သုံးရမယ့် ရုပ်သံထုတ်လွှင့်ခွင့် အစီအစဉ်ကို ဖြည့်စွက်ပြင်ဆင်တာတွေ လုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။

ပါတီတိုင်းဟာ ၁၅ မိနစ်စီ ဟောပြောခွင့်ရမှာပါ။ အဲဒီလိုဟောပြောရာမှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိခိုက်စေတဲ့ ဟောပြောမှုတွေ၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိခိုက်စေတဲ့ ဟောပြောမှုတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာမှု မရှိတဲ့ ဟောပြောမှုတွေ၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေတာ ဒါမှမဟုတ် ဂုဏ်သိက္ခာ ထိပါးစေတဲ့ ဟောပြောမှုတွေ၊ တပ်မတော်ပြိုကွဲရေးကို ဖြစ်ပေါ်စေတာ ဒါမှမဟုတ် တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ ဟောပြောမှုတွေ စတာတွေ မပါဝင်ဖို့ တားမြစ်ထားပါတယ်။

လူမျိုးရေး၊ ဘာသာရေး၊ လူတစ်ဦးချင်း ဒါမှမဟုတ် လူအများနဲ့ ပဋိပက္ခဖြစ်ပေါ်စေနိုင်တဲ့ သိက္ခာနဲ့ ကိုယ်ကျင့် တရားကို ထိခိုက်စေနိုင်တဲ့ ဟောပြောမှုတွေ စည်းရုံးလှုံ့ဆော်မှုတွေ မလုပ်ဖို့လည်း ကန့်သတ်ထားပါတယ်။ တဆက်တည်းမှာပဲ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားလုပ်တာ၊ ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကို ထိခိုက်ပျက်ပြားစေတဲ့ သွေးထိုးလှုံ့ဆော် ဟောပြောတာတွေ မလုပ်ဖို့လည်း ပါဝင်ပါတယ်။

နောက်တချက်ကတော့ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့ တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်အောင် ဒါမှမဟုတ် အစိုးရကို ဆန့်ကျင်ဆန္ဒပြစေအောင် သွေးထိုးလှုံ့ဆော် ဟောပြောတာတွေ မလုပ်ဖို့လည်း တားမြစ်ထားပါတယ်။  

ဒီလိုတားမြစ်ချက်တွေမပါတဲ့ ဟောပြောမယ့်မိန့်ခွန်းကို ကော်မရှင်ထံ တင်ပြရမှာဖြစ်ပြီး ကော်မရှင်က စိစစ်ပြီးတဲ့နောက်မှာတော့ လိုအပ်ရင် ပြင်ဆင်တာတွေ ပြုလုပ်မှာဖြစ်ပါတယ်။

ဒီလိုသတ်မှတ်ချက်တွေက တပ်မတော်အစိုးရလက်ထက်၊ ကြံ့ခိုင်ရေးပါတီ အစိုးရလက်ထက်တွေမှာ ပြုလုပ်ခဲ့တဲ့  ရွေးကောက်ပွဲတွေကတည်းက ရှိခဲ့တာဖြစ်ပါတယ်။

အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်ကလည်း ဒီအချက်ကို ထောက်ပြထားပြီး ဒါဟာ ပါတီတစ်ခုခုကို အသာစီးရစေတဲ့ ကန့်သတ်ချက် မဟုတ်ဘူးလို့ ဆိုပါတယ်။

“အရင်ရွေးကောက်ပွဲတွေမှာလည်း ဒီသဘောမျိုးတွေ လိုက်နာရတာတွေ ရှိတယ်လေ။ ရွေးကောက်ပွဲ အောင်နိုင်ရေးကာလ လာမယ့် စက်တင်ဘာလ ၈ ရက်နေ့ နောက်ပိုင်းလောက်ကနေစပြီးတော့ ဒီကာလ အတွင်းမှာ ဟောမယ့်၊ ပြောမယ့် ဟာတွေကတော့ ကော်မရှင်နဲ့ ပတ်သက်တဲ့ အသိပေးမှုတွေတော့ ရှိရတယ်။ ဟိုတုန်းကလည်း ရှိခဲ့တာပါပဲ။ ဘယ်သူ့ကို အသာစီးပေးတယ်၊ ဘယ်သူ့ကို ဘက်လိုက်တယ် ဆိုတာမျိုးကတော့ ကျွန်တော်တို့ မတွေးမိဘူး“

အဲဒီအချိန်တုန်းကလည်း ရွေးကောက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးပါတီ အများအပြားက ဒီအချက်တွေကို ထောက်ပြဝေဖန် ခဲ့ပြီး ဒီတင်းကျပ်မှုတွေကို ဖြေလျှော့ပေးဖို့ တောင်းဆိုခဲ့ကြပါသေးတယ်။

ရွေးကောက်ပွဲတွေကို လေ့လာနေတဲ့ New Myanmar Foundation ရဲ့ စီမံကိန်းဒါရိုက်တာ ကိုကျော်ထင်က လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ဟာ ရွေးကောက်ပွဲတစ်ခုရဲ့ ဂုဏ်သိက္ခာဖြစ်တာကြောင့် မလိုလားအပ်တဲ့ ကန့်သတ်မှုတွေကို ပယ်ဖျက်သင့်တယ်လို့ ထောက်ပြပါတယ်။

“ကန့်သတ်ချက်တွေက သာမန်အားဖြင့် မရှိသင့်ဘူး။ နိုင်ငံပိုင် ရုပ်သံမီဒီယာကနေပြီး အားလုံးတပြေးညီ အာဏာရပါတီပဲဖြစ်ဖြစ်၊ ပြိုင်ဘက်ပါတီပဲဖြစ်ဖြစ် တိုင်းရင်းသားပါတီပဲဖြစ်ဖြစ် အားလုံးဟာ တပြေးညီ ဖြစ်သင့်တယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ သူ့ရဲ့မူဝါဒတွေ၊ သူ့ရဲ့လမ်းစဉ်တွေကို ချပြပြောဆိုတဲ့ အခါကျရင် မလိုလားအပ်တဲ့ အကန့်အသတ်မျိုးတွေရှိခဲ့မယ်ဆိုရင် ပယ်ဖျက်စေချင်တယ်“

ကော်မရှင်အပေါ် ဝေဖန်ချက်တွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ အီးမေးလ်ကတဆင့် ပေးပို့မေးမြန်းထားပေမယ့် RFA ရဲ့ မေးခွန်းတွေကို ဒီနေ့ ပြန်လည်ဖြေကြားနိုင်ခြင်း မရှိသေးဘူးလို့သာ ကော်မရှင်ရုံးဖုန်း လက်ခံဖြေကြား သူက တုံ့ပြန်ပါတယ်။

နိုင်ငံရေးပါတီတွေဟာ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ မြန်မာနိုင်ငံတော်ကြီး ဖြစ်ပေါ်လာအောင် မည်သို့ဆောင်ရွက်မယ် ဆိုတာကို ဥပဒေတွေနဲ့အညီ မဲဆွယ်စည်းရုံး ဟောပြောရမယ်လို့ ကော်မရှင်က ဆိုထားပါတယ်။

နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်တဲ့ အစီအစဉ်တွေကို စောင့်ကြည့်ထိန်းကျောင်းပေးမယ့် အဖွဲ့တစ်ခုကို လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ နိုင်ငံတကာစံနှုန်းနဲ့အညီ ဖွဲ့စည်းသင့်ပြီး  အဲဒီအဖွဲ့ဟာ ရွေးကောက်ပွဲကော်မရှင်နဲ့ နှောင်ဖွဲ့မှုမရှိတဲ့ အဖွဲ့တစ်ခု ဖြစ်သင့်တယ်လို့ HRW က တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။